အီးစီးကရက် သုံးစွဲမှုတားမြစ်ရေး လွှတ်တော်မှာ အတည်ပြု

သက်စုအောင်
2020.07.28

ဆေးလိပ်နဲ့ ဆေးရွက်ကြီးမှာပါဝင်တဲ့ ဓာတုပစ္စည်း နီကိုတင်းကို အပူပေးကာ ရှူရတဲ့ အီးစီးကရက်နဲ့ ရေပြောင်း လို့ခေါ်တဲ့ ရှီရှားတွေကို လူငယ်တွေကြား လွယ်ကူတွင်ကျယ်စွာ ဝယ်ယူအသုံးပြုနေလို့ ရနေတဲ့အတွက် နောက် ဆက်တွဲ ကျန်းမာရေးဆိုးကျိုးအန္တရာယ်တွေရှိနေလို့  နိုင်ငံတော်အနေနဲ့ ဒါတွေကို ထိန်းချုပ်တားမြစ်ပိတ်ပင်ပေးဖို့ အဆိုကို ပြည်သူ့လွှတ်တော်က ဒီနေ့ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေမှာပါဝင်တဲ့ ဓာတုဗေဒပစ္စည်းဖြစ်တဲ့ နီကိုတင်းကို အီလက်ထရောနစ် အပူပေးပြီး အငွေ့ကို  ရှူရှိုက်ရတဲ့ အီးစီးကရက်နဲ့ ဆေးရွက်ကြီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောနှောထည့်သွင်းကာ ရေကို ဖြတ်ကာ ရှူသုံးရတဲ့ လူငယ်တွေအကြား ရှီရှားလို့ အသိများတဲ့ ရေပြောင်းသုံးစွဲနေတာတွေကို ထိန်းချုပ်တား ဆီးပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးကနေ ဒီနေ့ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။

ဒီအဆိုကို ရေကြည်မဲဆန္ဒနယ်က NLD လွှတ်တော် ကိုယ်စားလှယ် ဦးစံရွှေဝင်းက ပြည်သူ့လွှတ်တော်ကို တင်သွင်းထားတာဖြစ်ပြီး ဒီအဆိုအပေါ်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် ကိုယ်စားလှယ် ၆ ဦးက ထောက်ခံဆွေးနွေးခဲ့ကြတာပါ။

ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အီးစီးကရက်နဲ့ ရှီရှားတွေကို လက်ရှိ စားသောက်ဆိုင်တွေ ကလပ်တွေ ဘားတွေ၊ ကေတီဗွီတွေမှာ ရောင်းချပြီး လူငယ်တွေကြား အလွယ်တကူ သုံးစွဲလို့ရနေတာကို အလေးထား ကာကွယ်တားဆီးဖို့ လိုအပ်နေကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဝင်းမင်းထွန်းက ဆွေးနွေးခဲ့ပါတယ်။

"အခုအခါမှာ နိုင်ငံတွင်းမှာရှိတဲ့ ဘားတွေ၊ ကလပ်တွေ၊ ကေတီဗီတွေနဲ့ တချို့သော အဆင့်မြင့် လက်ဘက်ရည် ဆိုင်၊ စားသောက်ဆိုင်၊ ဈေးတွေမှာ အီးစီးကရက်၊ ရှီရှားတွေကို လွယ်လွယ်ကူကူ လိုသလောက် ဝယ်ယူရှူရှိုက် သောက်သုံးနေကြပြီး ကျား၊ မ အရွယ် သုံးပါးမရွေး စမ်းသပ်သောက်သုံးလျှက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား လူငယ်၊ လူရွယ်များအတွင်းများ အီးစီးကရက် ရှီရှား စတာတွေကိုသုံးစွဲလာတာက အရှိန်အနည်းငယ်ရ လာပြီဖြစ်တာကြောင့် တိုင်းပြည်နဲ့ လူငယ်တွေအတွက် ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်လာပြီဆိုတာ သတိပေးလိုပါတယ်"

ဆေးလိပ်စွဲတာကို ဖြတ်ဖို့အတွက်ဆိုပြီး အီလက်ထရောနစ် စီးကရက်ကို တရုတ်နိုင်ငံက ၂၀၀၃ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ၂၀၀၅ ခုနှစ်မှာ စတင်ဝင်ရောက်လာခဲ့တာ အခုဆိုရင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံအစုံက မြန်မာနိုင်ငံကို တင်သွင်းလာပြီး လူငယ်တွေကြား တွင်ကျယ်စွာ အသုံးပြုနေကြတာဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။

အီးစီးကရက်နဲ့ ရှီရှားမှာပါဝင်တဲ့ နီကိုတင်းဟာ စွဲလန်းစေတတ်ပြီး အသက် ၂၀ အောက်လူငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ အဆုတ်ကင်ဆာစတဲ့ ရောဂါတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ကျန်းမာရေး ဆိုးကျိုးရှိတဲ့အတွက် အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချ သုံးစွဲတာကို ကမ္ဘာနိုင်ငံ ၄၆ နိုင်ငံက ပိတ်ပင်ထားပြီး အာဆီယံ ငါးနိုင်ငံကလည်း တင်သွင်းရောင်းချတာကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် မို့ မြန်မာနိုင်ငံအနေနဲ့လည်း ပိတ်ပင်တားဆီးတာတွေ ဆောင်ရွက်သင့်တယ်လို့ ပဲခူးတိုင်း၊ သနပ်ပင် မဲဆန္ဒနယ်က NLD ကိုယ်စားလှယ် ဦးမြင့်ဦးက လွှတ်တော်မှာ ပြောပါတယ်။

"အီးစီးကရက်ကို သုံးစွဲခြင်းကြောင့် ကင်ဆာရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အတက်ရောဂါနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့်ဖြစ်တဲ့ တခြားရောဂါမျိုးစုံကို ဖြစ်ပွားစေတယ်လို့ သိရပါတယ်။ ဒါကြောင့် အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချ သုံးစွဲခြင်းကို မြန်မာနိုင်ငံအနေနဲ့လည်း ဖော်ပြပါ နိုင်ငံများနည်းတူ အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းများအရည်များကို ထုတ်လုပ်တင်သွင်းမှု ရောင်းချမှု သုံးစွဲမှုအားလုံးကို လုံးဝပိတ်ပင်သင့်ပါကြောင်း ထောက်ခံဆွေးနွေးအပ်ပါတယ်"

၂၀၀၆ ခုနှစ်က ပြဌာန်းထားတဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေမှာ ဒီပစ္စည်းတွေနဲ့ အသုံးပြုမှုကို ထည့်သွင်းထားတာမျိုး မရှိတဲ့အတွက် ဥပဒေထုတ်ပြန်တားမြစ်ရာမှာ အားနည်း နေတယ်လို့ ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။

ရွှေဘိုမဲဆန္ဒနယ်က NLD ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က အခုလို ဆွေးနွေးပါတယ်။

"အီးစီးကရက်နဲ့ ပတ်သက်တဲ့ ဥပဒေပြဌာန်းချက်များကို အစားအသောက်နဲ့ ဆေးဝါးဥပဒေမှာပဲဖြစ်စေ၊ ၂၀၀၆ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေမှာပဲဖြစ်စေ အရေးတကြီး ထည့်သွင်း ပြဌာန်းပေးဖို့လိုနေပါပြီ၊ ဥပဒေပြဌာန်းချက်တွေ မထည့်သွင်းမပြဌာန်းနိုင်သေးဘူးဆိုတဲ့ ကြားကာလမှာလည်း ဒီအီးစီကရက်နဲ့ ဆက်စပ်ပစ္စည်းတွေကို နိုင်ငံတွင်းကို တင်သွင်းတာ ဖြန့်ဖြူးတာရောင်းချတာ၊ ကြော်ငြာတာ တွေ အားလုံးကို ထိန်းချုပ်တားမြစ်တဲ့ အမိန့်ကြော်ငြာစာတရပ် ထုတ်ပြန်ပေးဖို့လိုနေပါပြီ"

ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဥပဒေမှာ အီးစီကရက်နဲ့ ရှီရှားတို့လို အကြောင်းအရာတွေကို ထပ်မံဖြည့်စွက်ပြီး ဥပဒေ အမြန်ပြင်ဆင်ပြဌာန်းဖို့ လိုအပ်တယ်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းတင်သွင်းလာတာတွေကိုလည်း ထိန်းချုပ်တားမြစ်ပေးဖို့ တိုက်တွန်း အကြံပြုခဲ့ကြပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကလည်း ဒီအဆိုကို ထောက်ခံကြောင်းနဲ့ အဆိုကိုအတည်ပြုပေးဖို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့  ခုနှစ်သန်းကျော်ဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ကုန်ပစ္စည်းတွေကြောင့် သေဆုံးနေရပြီး ခုနှစ်သိန်းကျော်က အဲဒီသောက်သုံးရှူရှိုက်သူတွေကနေတဆင့်ခံ အငွေ့ကြောင့် သေဆုံးနေကြရတယ်လို့ သုတေသန မှတ်တမ်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။