ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ ထိပ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်နေကြောင်း နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ Global Coalition to Protect Education from Attack (GCPEA) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၃ဝဝဝ ကျော်ရှိခဲ့ပြီး ယူကရိန်း၊ မြန်မာနဲ့ ဗာခီနာဖာဆိုနိုင်ငံ သုံးနိုင်ငံမှာ အများဆုံးဖြစ်တယ်လို့ စက်တင်ဘာလ ၉ ရက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာဆိုင်ရာပညာရေးကာကွယ်ရေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကျောင်းသားနဲ့ဆရာစုစုပေါင်း ၆၇၀၀ ကျော် ဖမ်းဆီးသတ်ဖြတ်၊ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။ အစိုးရလက်နက်ကိုင်ရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တွေရောက စာသင်ကျောင်းတွေကို စစ်ရေးပစ်မှတ်အဖြစ် အသုံးပြုခဲ့တဲ့ ဖြစ်ရပ်ပေါင်း ငါးရာကျော် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်ကတော့ ကလေးတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်း စာသင်လို့ရတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျောင်းနေအရွယ် ၇၂ သန်း စာသင်ခန်းထဲမှာ စာသင်ကြားခွင့်မရဘူးလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ် ၁၇ သန်း စာမသင်ရဘူးလို့ Education Cannot Wait အဖွဲ့က ထုတ်ပြန်ထားပါတယ်။