ကယားပြည်နယ်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မတ်လ ၁ ရက်ကနေ ၈ ရက်နေ့အထိ အရပ်သား ရှစ်ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) က မတ်လ ၉ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ ဒီးမော့ဆိုမြို့နယ် ဆင်တောင်ရွာက သက်ကြီးပိုင်း အမျိုးသား သုံးဦး၊ ဘောလခဲမြို့နယ် ကွက်သစ်ကျေးရွာက နှစ်ဦး၊ လွိုင်ကော်မြို့နယ် လွယ်ထွဲကျေးရွာက အသက် ၁၀ နှစ်အောက် ကလေးသုံးဦး၊ စုစုပေါင်း ရှစ်ဦး ဖြစ်ပါတယ်။
အဲဒီထဲမှာ ဆင်တောင်ရွာနဲ့ ကွက်သစ်ကျေးရွာက ဒေသခံတွေကတော့ စစ်ကောင်စီ တပ်သားတွေက သတ်ဖြတ်ခဲ့တာဖြစ်ပြီး လွယ်ထွဲရွာက ကလေး သုံးဦးကတော့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတာလို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆင်တောင်ကျေးရွာမှာ အသတ်ခံရတဲ့ သူတွေဟာ ထွက်မပြေးနိုင်ဘဲ အိမ်မှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာထဲမှာရှိတော့ စစ်ကြောင်းတွေ ဝင်လာတော့ သူတို့ကို ဖမ်းမိလိုက်တာ။ ကြိုးတုပ် ပြီးတော့မှ သူတို့ကို သတ်ပစ်လိုက်တာ။ အဲဒီနှစ်ယောက်ကို ဖမ်းပြီး ကြိုးနဲ့ တုပ်ပြီး တော့မှ ခေါင်းကို သေနတ်နဲ့ ပစ်သတ် လိုက်တယ်။ သူတို့က ကျန်းမာရေးလည်း သိပ်မကောင်းတဲ့ အခါကျတော့ နားလည်း ပင်းနေတယ်"
မတ်လ ၈ ရက် မနေ့ မနက်မှာတော့ စစ်ကောင်စီတပ်က ဆောင်ဒူလာ ကျေးရွာဘက်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လွယ်ထွဲကျေးရွာကို လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ကလေးသုံးဦး သေဆုံးခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ရဲဘော်ဂျိုကာက ပြောပါတယ်။
“ သူတို့ မိသားစုက အိမ်မှာရှိနေတဲ့ အချိန်ပေါ့နော်။ ကလေးတွေက သစ်ပင်အောက်မှာ ဆော့ကစားနေတဲ့ အချိန်မှာ လက်နက်ကြီး ရုတ်တရက် ကျလာတာပေါ့။ အဲဒီ လက်နက်ကြီး ကျတဲ့နေရာ ပတ်ဝန်းကျင်မှာ ဆော့နေတဲ့ ကလေး လေးယောက်၊ အဖေလည်းရှိတယ်။ လက်နက်ကြီးစတွေ ထိခိုက်မိတယ်။ ကလေး သုံးယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ သူ့သမီးက ၁၅ နှစ်အရွယ်၊ သူ့အဖေကတော့ ပြင်ပထိခိုက်မှု တွေ ရသွားတယ်"
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီ တပ်ရဲ့ ကျူးလွန်မှုတွေကို ပြည်သူတွေ ခါးစည်းခံနေကြရတာလို့ ပြောပါတယ်။
“စစ်ကောင်စီရဲ့ လုပ်ရပ်တွေကတော့ ကျွန်တော်တို့ ပြောစရာစကားတောင် မရှိတော့ ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှု အများကြီးပဲ။ နောက်တစ်ခုက ယုတ်မာနိုင်သမျှ ယုတ်မာတဲ့ လမ်းကြောင်းတွေကတော့ စစ်ကောင်စီ တစ်လျှောက်လုံး သုံးခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ မှတ်ချက်ပြုစရာမရှိဘူး။ ဒီဟာက ကျွန်တော်တို့ ဘယ်လောက်ထိ ပေးဆပ်ရဦးမှာလဲ။ ဘယ်လောက်ထိ ရင်ဆိုင်ရဦးမလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဒီလမ်းကို အားလုံး ရွေးချယ်ထားပြီးဖြစ်တဲ့အတွက် ဒီလုပ်ရပ်အပေါ်မှာတော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ရှိတယ်။ ကျွန်တော်တို့ လူထုတွေလည်း လုံခြုံအောင်၊ ကျွန်တော်တို့ ကာကွယ်ဖို့ ကျွန်တော်တို့ အဖွဲ့ဝင်တိုင်းမှာ တာဝန်ရှိပါတယ်"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မိုးဗြဲကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်ဟာ မတ်လ ပထမပတ် ထဲမှာ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူရွာသစ် ကျေးရွာအုပ်စု၊ ပူဖားနဲ့ သေးဆူလဲရွာတွေအထိ ရောက်ရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။
"စစ်ကောင်စီရဲ့ လုပ်ရပ်တွေကတော့ ပြောစရာစကားတောင် မရှိတော့ ပါဘူး။"
မတ်လ ပထမပတ်အတွင်း နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဘက်က ၄၃ ဦး သေဆုံးပြီး KNDF ဘက် ကလည်း ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါပေမဲ့ ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအတွင်း လေကြောင်းအပြင် တင့်ကားနဲ့ ပြင်းအားမြင့် MLRS အတွဲလိုက် ဒုံးတွေကိုပါ အသုံးပြုနေတာလို့ KNDF က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့ မရသေးပါဘူး။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားကတော့ အရပ်သားတွေ ထိခိုက်မှု ရှိနေတာဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်လို့ ပြောပါတယ်။
“ အခုနောက်ပိုင်းဆိုရင် ပိုဆိုးလာတဲ့ ပုံစံတွေ့ရတယ်။ စစ်ကောင်စီတွေက တိုက်ပွဲ တွေမှာ စစ်ဆင်ရေးလုပ်တိုင်း တွေ့တဲ့ သူတွေကို ဖမ်းဆီးသတ်ဖြတ်တာလည်း ကျွန်တော်တို့ တွေ့ရတယ်။ အဲဒါက အရမ်းကို ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုပေါ့။ အထူးသဖြင့် လူတွေကို ညှဉ်းပန်းနှိပ်စက်တယ်။ နောက်ပြီးတော့ သတ်ဖြတ်တယ်။ နောက်ပြီးတော့ အလောင်းတွေ မီးရှို့တာပေါ့နော် ။ ဒါက စစ်ရေးရာဇဝတ်မှု အပြင် သက်သက်မဲ့ သူတို့ ကျုးလွန်လိုက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာက မသိအောင် သူတို့ ဖျက်ဆီးတာပေါ့နော်။ ဒါက ပိုပြီးတော့မှ ရိုးရိုးပြစ်မှု ကျူးလွန်တာ မကဘဲနဲ့ ဖျောက်ဖျက်တဲ့အဆင့်ထိ ဖြစ်နေတာ တွေ့ရတယ်ပေါ့"
စစ်တပ်က အာဏာသိမ်းပြီးနောက် ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် သေဆုံး ရတဲ့ အရပ်သား ၂၂၁ ဦးရှိတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစုက မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် မေလ ၂၁ ရက်နေ့ကတည်းက ဒီးမော့ဆိုမြို့ကနေ စတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေဟာ အခုအချိန်မှာ တစ်ပြည်နယ်လုံးနီးပါး နေရာအနှံ့ ကျယ်ပြန့်နေတာပါ။ ဒီတိုက်ပွဲတွေကြောင့် ကယားပြည်နယ်မှာ စစ်ဘေး ဒုက္ခသည် နှစ်သိန်းနီးပါးအထိ ရှိလာနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။