ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ မတူပီမြို့နယ်တွေမှာ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးပြီး ချင်းဒေသကာကွယ်ရေး အဖွဲ့ဘက်က သေဆုံးသူ နှစ်ဦး၊ ထိခိုက်ဒဏ်ရာရသူတစ်ဦး ရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) က ပြောပါတယ်။
မတ်လ ၁၂ ရက်နေ့က မတူပီမြို့နယ် လိုင်လင်းပီမြို့ကနေ ထယ်ဘွေ့ စစ်စခန်းကို အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်ကို စခီဟာ ကျေးရွာနဲ့ လေးဖာလုံ အကွာ နေရာကနေ CAN နဲ့ ပလက်၀၊ မတူပီ CDF အဖွဲ့တွေ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မတ်လ ၁၃ ရက်နေ့ကလည်း မတူပီနဲ့ ပလက်ဝ နယ်စပ် လအူချောင်းအနီးမှာ မနက် ၉ နာရီကနေ နေ့လယ် ၁၁ နာရီ အထိ တစ်ကြိမ်၊ ညနေ ၃ နာရီ ကနေ ညနေ ၅ နာရီထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် တွီဆော့ ကုန်းကျေးရွာမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတစ်ခု၊ စာသင်ကျောင်းနဲ့ လူနေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဒီနေ့ညနေ ၅ နာရီလောက်အထိ အကြောင်းမပြန်သေးပါဘူး။
ဒီတိုက်ခိုက်မှုတွေကြောင့် အနီးနားမှာရှိတဲ့ စခီဟာ၊ တွီဆော့ကုန်း ကျေးရွာတွေက ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။