စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ဘန့်ဘွေးမြောက်ရွာနဲ့ ထန်းဇဉ်ရွာကို စစ်ကောင်စီ တပ်တွေ မတ်လ ၁၅ ရက်က ရောက်လာပြီး နှစ်ရွာပေါင်းက အိမ် ၁၈ လုံး မီးလောင်ခဲ့သလို ရွာသား နှစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဂွေးချောင်းရွာသား တစ်ယောက်နဲ့ လက်ပံရွာသား တစ်ယောက်တို့ မတ်လ ၁၅ ရက် မနေ့ က အသတ်ခံရပြီး ဒီနေ့မနက်မှာ အဲဒီနှစ်ရွာက အိမ်တွေ မီးရှို့ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘန့်ဘွေးရွာသား တစ်ယောက်က RFA ကို ပြောပါတယ်။
“ရွှေတောင်ဦး ဘက်ကနေလာတဲ့ စစ်သားတွေက ဂွေးချောင်းရွာသားတစ်ယောက်ကို ပစ်သတ်ပြီး ငါးမိုင် တိုးဂိတ်အနီးက ချောင်းထဲမှာ ပစ်ထားခဲ့တယ်။ လက်ပံရွာသားကို တော့ ရွာထိပ်မှာ ဦးခေါင်းကို ပစ်သတ်သွားတယ်“
စစ်ကောင်စီက သတ်ဖြတ်လို့ သေဆုံးသွားသူတွေက ဂွေးချောင်းရွာက ကိုသိန်းလင်း အသက် (၁၉) နှစ်နဲ့ လက်ပံရွာက ကိုသိန်းနိုင် အသက် (၄၃) နှစ်တို့ဖြစ်ပြီး အဲဒီ ရွာတွေထဲကိုလည်း စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်မှာတော့ ဘန့်ဘွေးမြောက်ရွာက နေအိမ် ၃ လုံးနဲ့ ထန်းဇဉ်ရွာက နေအိမ် ၁၅ လုံးတို့ မီးရှို့ခံခဲ့ရပြီး လတ်တလောမှာတော့ စစ်သားတွေဟာ ဘန့်ဘွေးရွာထဲမှာ တပ်စွဲ ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘန့်ဘွေးမြောက်ရွာနဲ့ ထန်းဇဉ်ရွာဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်မဖြေခဲ့ပါဘူး။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဘန့်ဘွေး၊ ထန်းဇဉ်၊ လက်ပံ အပါအဝင် ရွာပေါင်း ၄ ရွာက ဒေသခံ ၇၀၀၀ ဝန်းကျင်ဟာ တောတွေနဲ့ နီးစပ်ရာ ဘုန်းကြီး ကျောင်းတွေ၊ ရွာထဲတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကစပြီး စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၁ဝဝ ကျော်ဟာ ယင်းမာပင်မြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက် နေတာပါ။ ဒေသခံ PDF တပ်တွေနဲ့လည်း တိုက်ပွဲဖြစ်နေလို့ ရွာပေါင်း ၂ဝ လောက်က ဒေသခံ တစ်သိန်းကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။