စစ်ကိုင်းတိုင်းက မြို့နယ်အချို့ လျှပ်စစ်မီး ဖြတ်တောက်ခံရ
2024.06.16
စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ဘုတလင်နဲ့ ကနီမြို့နယ်ကို ဇွန်လ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လျှပ်စစ်မီး လုံးဝဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေကိုတော့ မေလ ၁၃ ရက်နေ့ကတည်းက လျှပ်စစ်မီး ဖြတ်တောက်ထားတာလို့ ဆိုပါတယ်။
လျှပ်စစ်မီး ဖြတ်တောက်ခံလိုက်ရတာကြောင့် လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတဲ့လုပ်ငန်းတွေ အခက်အခဲဖြစ်တဲ့အပြင် သောက်သုံးရေရဖို့ပါ ခက်ခဲသွားတယ်လို့ ကန့်ဘလူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဓိကကတော့ သောက်သုံးရေအတွက် တော်တော်ခက်ခဲနေတာပါ။ ဒီဘက်ပိုင်းတွေမှာက လျှပ်စစ်မီးနဲ့ မြစ်ထဲ၊ ချောင်းထဲကရေကို စုပ်တင်ပြီး သောက်ရေ၊ သုံးရေ လုပ်ကြရတာ။ အခု မီးမလာတော့ ရေဒုက္ခ အတော်ကြီးနေတာပါ။ ထမင်းချက်တာက လျှပ်စစ်မီးမရှိလည်း ထင်းနဲ့ ချက်လို့ရတယ်လေ"
လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် အဲဒီမြို့နယ်ရှစ်ခုက ဒေသခံတွေဟာ သောက်ရေ၊ သုံးရေတွေအတွက် မိုးရေနဲ့ လက်ယက်တွင်းတွေကိုပဲ အဓိက အားထား အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ဘာကြောင့် အခုလို လုံးဝဖြတ်တောက်လိုက်လဲဆိုတာကိုတော့ သေချာမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင် းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးအရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ စစ်ကိုင်းတိုင်းထဲက ကျေးရွာပေါင်း (၁၄) ရွာကို မီးရရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။