လူငယ်ညီလာခံမှာ ဗမာအပေါ် စွပ်စွဲချက် ကန့်ကွက်

2016-07-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပတဲ့ တိုင်းရင်းသားလူငယ်များ ညီလာခံကို တက်ရောက်လာတဲ့ တိုင်းရင်းသားလူမျိုးစုအလိုက် မိတ်ဆက်ခြင်းအစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်စဉ်
ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပတဲ့ တိုင်းရင်းသားလူငယ်များ ညီလာခံကို တက်ရောက်လာတဲ့ တိုင်းရင်းသားလူမျိုးစုအလိုက် မိတ်ဆက်ခြင်းအစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်စဉ်
Photo: National Ethnic Youth Conference - Myanmar

မနေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ စတင်ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံ မှာ ပြင်ပ ပညာရှင်တစ်ဦး ဟောပြောရာမှာ "စစ်အာဏာရှင်များရဲ့ လုပ်ရပ်တွေကို ဗမာများက ပြုလုပ်တယ်" ဆိုတဲ့ ထည့်သွင်းပြောကြားချက်ကို ညီလာခံတက်ရောက်နေတဲ့ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက မနေ့က ကန့်ကွက်လိုက်ပါတယ်။

အဲ့ဒီကိစ္စဟာ ညီလာခံစာတမ်းမဟုတ်သလို ညီလာခံတက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက် လည်း မဟုတ်ဘဲ ပြင်ပပညာရှင်တွေရဲ့ တွေ့ရှိချက်သာဖြစ်တဲ့အတွက် အဲ့လိုစကားရပ်တွေပေါ်မှာ သွေးကွဲမှာ မလိုလားဘူလို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းနှောင်းထော က ပြောပါတယ်။

"academic တွေက တိုင်းရင်းသားနိုင်ငံရေးတွေ ပြောကြတဲ့အခါမှာ ဗမာတွေကို ထိခိုက်တာ မျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့၊ ဗမာနဲ့ တိုင်းရင်းသားအကြား ပဋိပက္ခတွေ၊ ဒါက academic ရှုထောင့် ပဲဖြစ်တယ်၊ သူတို့ရဲ့ရှာဖွေတွေ့ရှိချက် research paper ကို လာပြောတာပဲဖြစ်တယ်၊ ဒါကညီလာခံစာတမ်း လည်း မဟုတ်ဘူးလေ၊ ညီလာခံကိုယ်စားလှယ်က ရှင်းတာလည်း မဟုတ်ဘူးလေ၊ ကျနော်တို့ရဲ့ သဘောထား ကတော့ ရိုးရိုးလေးပဲ ကျနော်တို့အားလုံး လက်တွဲပြီးလုပ်မယ်ပေါ့၊ ဒါပေမဲ့လည်း academic တွေ ရှုထောင့် က ပြောဆိုတဲ့အပေါ်မှာ သူတို့ရဲ့တုန့်ပြန်ချက်က ညီလာခံကို ထိခိုက်စေတာမျိုးတော့ တွေ့ရတာပေါ့နော်၊ ကျနော်တို့လည်း စိတ်မကောင်းပါဘူး၊ ဘာမဟုတ်တဲ့ စကားရပ်တစ်ခု နှစ်ခုအပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် သွေးကွဲသွားတာမျိုး ကျနော်တို့က မလိုလားဘူး"

ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း ဒီကနေ့ ညီလာခံကို ဆက်လက် တက်ရောက်ခဲ့ပါတယ်။

ပွဲစီစဉ်တဲ့ကော်မတီဘက်က ကျန်တဲ့ရက်တွေမှာ အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် လုပ်ပါ့မယ်ဆိုတဲ့ ကတိပေးတဲ့အတွက် လက်ခံခဲ့ကြောင်း ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင် ကိုဇော်သူရိန်ထွန်း က ပြောပါတယ်။

"ဖြစ်သွားတာကတော့ ကျနော်တို့ တားလို့မရလိုက်ဘူးပေါ့နော်၊ သူက အရှေ့ကနေပြောနေတဲ့အချိန်မှာ ကျနော်ကအောက်ကနေ ပြန်ပြီးတော့တည့်မတ်ပေးဖို့ဆိုတာ မိုက်ကလည်း အလှည့်ကျယူတာဆိုတော့ ကျနော်တို့က တည့်မတ်ပေးဖို့ သိပ်အဆင်မပြေခဲ့ဘူးပေါ့၊ ကျနော်တို့က စာထုတ်လိုက်တယ်၊ ဒီနေ့မှာ ကျနော်တို့ထုတ်လိုက်တဲ့စာကြောင့် သူတို့အများကြီးထိန်းပါတယ်၊ သူတို့ဘက်က ဘာပြန်ဖြေသလဲဆိုတော့ ကျန်တဲ့ဒီ ၄ ရက်အတွင်းမှာ အဲ့လိုမျိုးမဖြစ်အောင် အတတ်နိုင်ဆုံးလုပ်ပါ့မယ်ဆိုတာ ကတိပေးတယ်ဗျ၊ ကျတော်တို့ကလည်း အဲ့ဒါကိုလက်ခံလိုက်တယ်ဗျ၊ ဒီနေ့ အနေအထားကို စောင့်ကြည့်တဲ့အခါမှာလည်း သူတို့ပြောထားတဲ့အတိုင်းပါပဲ၊  ဒီနေ့ဆိုရင် ဗမာဆိုတဲ့ စကားလုံးအသုံးအနှုန်း လုံးဝမပါတဲ့ပုံစံတောင်ရှိတယ်"

ဒါ့အပြင် ညီလာခံကို တက်ရောက်လာတဲ့ ဗမာကိုယ်စားလှယ်တွေထဲမှာ အစ္စလာမ်ဘာသာဝင် ၂ ဦး ပါဝင်ခဲ့တဲ့ အတွက် သူတို့အနေနဲ့ ဘာသာရေးရှုထောင့်နဲ့ တင်ပြလာမှာစိုးရိမ်တာကြောင့် ညီလာခံကို လေ့လာသူအနေနဲ့သာ တက်ရောက်ခွင့်ရမယ့်အကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တက်ရောက်လာတဲ့ အစ္စလာမ် ဘာသာဝင် ၂ ဦးဟာ ညီလာခံ မစခင်မှာပဲ ပြန်သွားခဲ့တာကြောင့် လက်ရှိမှာ ဗမာကိုယ်စားလှယ် ၂၇ ဦးသာ ဆက်လက် တက်ရောက်နေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို တိုင်းရင်းသားလူမျိုး ၂၆ မျိုးက ကိုယ်စား လှယ်တွေ လေ့လာသူတွေ နိုင်ငံရေးခေါင်းဆောင်တွေ တက်ရောက်နေကြတာဖြစ်ပြီး တက်ရောက်သူ ၁ ထောင် နီးပါးလောက်ရှိပါတယ်။ ညီလာခံကို ဇူလိုင်လ ၂၇ ကနေ ၃၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းနှောင်းထော ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (2)
Share

သဘမ

နေရပ်- ( = သဘောမှန်)

တိုင်းရင်းသားများရဲ့ (ကောင်းကွက်)တွေကို စုစည်းပါ။
(အားနည်းချက်)ကို ဖေးမ ကူညီ ပြင်ဆင်ပါ။

Jul 29, 2016 11:58 PM

မလုပ်စားကြပါနဲ့ 

academic ပညာရပ်ကို စာတမ်းတင်ခြင်ရင်
ကျောင်းမှာသွားလုပ်ပါ။အခုက အဖြူထည်
တိုင်းရင်းသားလူငယ်အချင်း၂သူအမြင်ကို့ 
အမြင်ဖလှယ်တာကိုဖြစ်စေခြင်တာပါ။ academic ကို ခုတုန်းလုပ်အကြောင်းပြပီး တိုင်းရင်းသားတမျိုးကအခြားတမျိုးကို အပြစ်တင်စွတ်စွဲပီး စာတမ်းတင်ရင်ကော လက်ခံမှာလား။ နိုင်ငံရေးသမားအစုံပါ လာထဲက အရောင်တွေပါလာပီးဒီလို
တွေဖြစ်လာမယ်ဆိုတာ ခန့် မှန်းပီးသားပါ။
လူငယ်တွေကို ဗန်းပြ မလုပ်စားကြပါနဲ့ 

Jul 29, 2016 05:11 AM

ဆိုက်တခုလုံးသို့