EU ပိတ်ဆို့မှု ယာယီဆိုင်းငံ့ထားဖို့ ကင်မရွန်းနဲ့ ဒေါ်စု တိုက်တွန်း

မြန်မာအပေါ် ဥရောပသမဂ္ဂ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူထားတာတွေထဲက လက်နက် အရောင်းအဝယ်ကိစ္စကလွဲပြီး ပိတ်ဆို့မှု အများစုကို ယာယီ ဆိုင်းငံ့ထားဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းက ပြောဆိုရာမှာ -

“မြန်မာနိုင်ငံမှာ ပိုပြီးကြီးမားတဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တွေ့မြင်ချင်တယ်ဆိုရင် လက်ရှိအစိုးရက တိုးတက်မှုတွေ ဆောင်ရွက်လာတဲ့အခါ အဲဒီလုပ်ရပ်တွေကို တုံ့ပြန်သင့်ပါတယ်။ ဗြိတိန်အစိုးရ အနေနဲ့ကတော့ ဒါတွေဟာ နောက်ကြောင်းပြန် မလှည့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလားဆိုတာ သတိတရားရှေ့ထားပြီး စစ်ဆေးသုံးသပ် တုံ့ပြန်သွားမှာပါ။ အခု ဆွေးနွေးကြတဲ့အခါမှာ မိမိအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူထားတွေကို လက်နက် အရောင်းအဝယ်ကိစ္စကလွဲလို့ အခုအခါ ယာယီ ဆိုင်းငံ့ထားသင့်တယ်လို့ ယူဆပါတယ်။ အားလုံးကိုတော့ ပြန်ရုပ်ဦးမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း - “ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာထက် ယာယီ ဆိုင်းငံ့ထားမယ်ဆိုတဲ့ သဘောထားကို ထောက်ခံပါတယ်၊ ဒါဟာ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို အားကောင်းလာစေမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြုပြင်ပြောင်းလဲရေး ချောချောမွေ့မွေ့ ဆောင်ရွက်ခွင့် မရတော့ဘူးဆိုတာနဲ့ ပိတ်ဆို့မှုက အချိန်မရွေး ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး ဇာတ်လမ်းဟာ ပျော်ရွှင်စွာ ဇာတ်ပေါင်းကြလေသတည်း ဆိုတာမျိုး ဖြစ်စေချင်ကြတာပါ။ ဒါပေမဲ့ သွားရမယ့်ခရီးက ဝေးပါသေးတယ်။ သို့သော်လည်း လိုရာကိုရောက်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အပေါ် ယုံကြည်မှု ရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ကို လာရောက်ဖို့ ဖိတ်ကြားတဲ့အခါ - “အရင်က အခုလို ဖိတ်ကြားခံရတိုင်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်သေးလို့ ဝမ်းနည်းပါတယ်လို့ပဲ ပြောခဲ့ရပါတယ်။ အခုတော့ လာဖြစ်ကောင်း လာဖြစ်နိုင်ပါလိမ့်မယ်လို့ ပြောနိုင်ပါပြီ။ ဒါဟာလည်း တိုးတက်မှုပဲပေါ့” လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လမှာ ဗြိတိန်၊ နော်ဝေနဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက် နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။