လူပုဂ္ဂိုလ်ရှစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းကြီးသုံးခုကို အီးယူ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့

2021.06.21
လူပုဂ္ဂိုလ်ရှစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းကြီးသုံးခုကို အီးယူ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူတဦး။
File Photo/RFA

စစ်အာဏာသိမ်းမှုအပြင် ဆန္ဒပြပြည်သူတွေကို ဖိနှိပ်နှိမ်နင်းမှုတွေနဲ့ ဆက်စပ်ပြီး နောက်ထပ် လူပုဂ္ဂိုလ် ရှစ်ယောက် အပါအဝင် စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းကြီး သုံးခုနဲ့ စစ်မှုထမ်းဟောင်းများအဖွဲ့ (the War Veterans Organisation)ကို ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထပ်မံထည့်သွင်းလိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက မနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းအပြီး အီးယူအနေနဲ့ စစ်တပ်နဲ့ ဆက်စပ်နေသူတွေကို တတိယအကြိမ်မြောက် အရေးယူတာလည်း ဖြစ်ပါတယ်။

ဒီတခေါက် အရေးယူဒဏ်ခတ်ခံရတဲ့ စာရင်းထဲပါဝင်သူတွေကတော့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးဝင်းရှိန်၊ ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ ဗိုလ်ချုပ် အောင်လင်းထွန်း၊ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ ဖြစ်ပါတယ်။ ဒီလူပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး နိုင်ငံတွင်း လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။

ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့အထဲမှာ ထပ်မံပါဝင်တဲ့ လုပ်ငန်းကြီးသုံးခုကတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (Myanma Gems Enterprise)၊ မြန်မာ့သစ်လုပ်ငန်း (Myanma Timber Enterprise) နဲ့ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း လီမိတက် Forest Products Joint Venture Corporation Limited တို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ တပ်မတော်ရဲ့ ဝင်ငွေ သို့မဟုတ် လှုပ်ရှားမှုတွေမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ပံ့ပိုးနေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ကျောက်မျက်နဲ့သစ်လုပ်ငန်းကို ပစ်မှတ်ထားပိတ်ဆို့ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေကနေ စစ်ကောင်စီရရှိမယ့် အကျိုးအမြတ်တွေကို ကန့်သတ်နိုင်ပြီး မြန်မာပြည်သူတွေ နစ်နာမှုတွေကို ရှောင်ရှားနိုင်စေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

အခုဆိုရင် ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူထားတဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၄၃ ဦးနဲ့ လုပ်ငန်း ခြောက်ခု ရှိသွားပြီဖြစ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ခရီးသွားလာခွင့်တွေကိုပါ ထိန်းချုပ်လိုက်တာပါ။ ဒါ့အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားတွေနဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေအနေနဲ့ ဒီအရေးယူခံထားရသူတွေနဲ့ ငွေကြေးဆက်စပ် စီးဆင်းခွင့်ကိုပါ ပိတ်ပင်လိုက်ပါတယ်။

ခုလို ထပ်မံဒဏ်ခတ်အရေးယူတာအပြင် အရင်ကရှိပြီးသား ဥရောပသမဂ္ဂရဲ့ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက်ထားရှိမှာ ဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံတွင်းဖိနှိပ်ဖြိုခွင်းမှုတွေအတွက် အသုံးပြုတဲ့ လက်နက်နဲ့ ပစ္စည်း ကိရိယာတွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေ အသုံးပြုရမယ့် ပစ္စည်းကိရိယာတွေ၊ နိုင်ငံတွင်း ဖိနှိပ်မှုအတွက် ဆက်သွယ်ရေးတွေကို စောင့်ကြည့်ထိန်းချုပ်တဲ့ ပစ္စည်းကိရိယာတွေ အားလုံး တင်သွင်းရောင်းဝယ်မှု တွေကို ပိတ်ပင်တာ စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးလေ့ကျင့်မှု ပူးပေါင်း ဆောင်ရွက်တာတွေကိုပါ တားမြစ်ထားပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံကလည်း ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်တဲ့ လုပ်ငန်းသုံးခုကို မနေ့က ဒဏ်ခတ် ပိတ်ဆို့လိုက်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။