တရုတ်အထည်ချုပ်စက်ရုံမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရ
2024.07.30
ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်က Myanmar Haisheng Fashion Clothes အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရပြီး၊ ဖိအားပေးခိုင်းစေတာ၊ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက RFA ကို ပြောပါတယ်။
ဥပဒေအရ အလုပ်သမားက သဘောတူရင် တစ်ပတ်ကို နာရီ ၂ဝ အချိန်ပို အလုပ်လုပ်ခွင့် ပြုထားပေမဲ့ နာရီ ၃၀ နီးပါးအထိ လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။
အချိန်ပိုမလုပ်ရင် အလုပ်ထုတ်မယ်လို့ အလုပ်သမား ကြီးကြပ်ရေးမှူးနဲ့ လူသားရင်းမြစ်ဌာန (Human Resource) က ခြိမ်းခြောက်တယ်လို့ အလုပ်သမား တစ်ဦးက ပြောပါတယ်။ အချိန်ပိုလုပ်အားခကိုလည်း အပြည့်မပေးဘဲ ဖြတ်ထားတဲ့အပြင် အဲဒီပမာဏကိုသဘောတူတယ်ဆိုတဲ့ လက်မှတ်ကိုပါ အတင်းအကျပ်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းတွေကိုတိုင်ရင် အလုပ်ထုတ်မယ်ဆိုပြီး အလုပ်သမားကြီးကြပ်ရေးမှူးတွေက ခြိမ်းခြောက်တယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“အလုပ်သမားတွေအနေနဲ့က ဘယ်သူ့တိုင်လို့ တိုင်ရမယ်မသိ၊ ဘယ်သူ့ကို အကူအညီတောင်းရမယ်မှန်း မသိဘူး။ မကျေနပ်တာကို အချင်းချင်းပြောဆိုရတာလောက်ပဲ ရှိတယ်။ စုရုံးပြီး ဆန္ဒပြမယ်ဆိုရင်လည်း စစ်ကောင်စီက လာဖမ်းမှာစိုးလို့လေ၊ မရဲဘူး”
အခုလို ချိုးဖောက်မှုတွေကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာ ဦးစီးဌာနကို တိုင်လို့ စက်ရုံကို နှစ်ကြိမ်လာစစ်ပေမဲ့ မပြောင်းလဲဘူးလို့ ပြောပါတယ်။
လုပ်သက်ခွင့်၊ ဆေးခွင့်နဲ့ ရှောင်တခင်ခွင့်တွေ ယူရင်လည်း လစာမဲ့ခွင့်အနေနဲ့ပဲ ပေးတဲ့အတွက် ရက်မှန်ကြေးတွေပါ ထပ်ပြီးဆုံးရှုံးရတယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနကိုလည်း ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ Myanmar Haisheng Fashion Clothes အထည်ချုပ်စက်ရုံဟာ ဝန်ထမ်းဦးရေ သုံးရာဝန်းကျင်ရှိပြီး TIGORA, TERRANOVA, MACRON, BALABAL အမှတ်တံဆိပ်တွေအပြင် တခြားတံဆိပ်တွေလည်းချုပ်တဲ့ ဖက်ရှင်အထည်ချုပ်စက်ရုံ ဖြစ်ပါတယ်။