ရန်ကုန်က မြို့နယ်ခြောက်ခုမှာ ဗုံးဆက်တိုက် ပေါက်ကွဲ

OMNI FOCUS YBS ကားတစ်စီးကို တွေ့ရစဉ်
OMNI FOCUS YBS ကားတစ်စီးကို တွေ့ရစဉ် (Photo: Omni Focus - YBS)

ရန်ကုန်တိုင်း၊ ကော့မှုး၊ မင်္ဂလာဒုံ၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနဲ့ သန်လျင် စတဲ့ မြို့နယ် ခြောက်ခုမှာ မတ်လ ၁၁ ရက် ဒီနေ့မှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုတွေဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအတွင်းမှာ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကော့မှုးမြို့နယ်က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ တာဝါတိုင်လည်း ပျက်စီးတယ်။ လူတစ်ဦးလည်း ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူက ဒေသခံလား၊ တာဝါတိုင်စောင့်တဲ့ စစ်သားလား ဆိုတာတော့ အတိအကျမသိပါဘူး"

ပေါက်ကွဲမှုတွေဟာ ကော့မှုးမြို့နယ်က စစ်ကောင်စီပိုင် MyTel တာဝါတိုင်၊ မင်္ဂလာဒုံ မြို့နယ်က ၁၄ မိုင် ဓာတ်အားခွဲရုံ၊ သာကေတမြို့နယ်က ဧရာဝဏ်လမ်းမပေါ်နဲ့ သန်လျင် မြို့နယ်က သီလဝါလမ်းမ၊ လှိုင်သာယာမြို့နယ်က OMNI FOCUS YBS 20 ယာဉ်လိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်းမပေါ် စတဲ့ နေရာတွေမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

သန်လျင်မြို့နယ် သီလဝါလမ်းမပေါ်မှာတော့ ဒီနေ့ ညနေ ၄ နာရီခွဲကျော်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သီလဝါကနေ အလုပ်ပြန်လာတော့ ကျိုက်ခေါက်ဘုရားနားကျတော့ ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ လမ်းပေါ်က လူရှင်းနေတော့ ထိခိုက်တဲ့သူတော့ မရှိလောက်ဘူး"

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဒီဒေး ကြေညာပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူနေတဲ့ မီတာရုံး၊ ထွေအုပ်ရုံး၊ နိုင်ငံပိုင်ဘဏ်တွေနဲ့ ရဲစခန်းတွေမှာ ဖောက်ခွဲမှုတွေ ရှိနေတာဖြစ်ပါတယ်။

အလားတူ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ငါးလုပ်ငန်း ဦးစီးရုံးနားနဲ့ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးအနီးမှာ မတ်လ ၁၁ ရက် ဒီနေ့မှာ ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။