ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းလက်နက်ကိုင်အဖွဲ့ CDF တို့ကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၅၇ ယောက် သေဆုံးခဲ့တယ်လို့ ကန်ပက်လက် CDF တာဝန်ရှိသူက RFA ကိုပြောပါတယ်။
ကန်ပက်လက်မြို့ပေါ်ကို စစ်အင်အားဖြည့်ဖို့၊ ရိက္ခာဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းကနေဖြတ်ပြီး ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က အကျအဆုံး များနေတာလို့ CDF ပြောခွင့်ရက ဆိုပါတယ်။
"ကျနော်တို့က လက်နက်အင်အားပိုင်းမှာ အားနည်းပေမယ့် ကျနော်တို့ အားသာချက်က တောတောင်သဘာဝ အနေအထား၊ နယ်မြေကျွမ်းကျင်မှုရှိတယ်။ အမဲလိုက်စနစ်နဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့လို့ သူတို့ဘက်က ဒီလောက်သေတာ၊ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်တာမျိုးတော့ မရှိဘူး"
တိုက်ပွဲတွေကြောင့် ကန်ပက်လက်မြို့က စစ်ဘေးဒုက္ခသည် တစ်ထောင့်ငါးရာကျော်လောက်ဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
မတ်လ ၇ ရက် ဒီကနေ့ မနက်အစောပိုင်းမှာလည်း ကန်ပက်လက် လေယာဉ်ကုန်းနားမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။
ကန်ပက်လက်မြို့နယ် မဆာတွီရွာနဲ့ မကွေးတိုင်း ဆောမြို့နယ် ဆွဲလွဲကျင်းရွာတွေကြားမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
"ဒီနေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က စနိုက်ပါ ဗိုလ်ကြီးတစ်ဦး အပါအဝင် ခြောက်ယောက်ကျတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး၊ ခရီးသွားပြည်သူ မိန်းခလေး တစ်ယောက်နဲ့ ယောကျာ်းလေးနှစ်ယောက်ကိုလည်း လူသားဒိုင်း အနေနဲ့ ကန်ပက်လက်မြို့ထဲကို ဖမ်းခေါ်သွားတယ်"
နှစ်လအတောအတွင်း တိုက်ပွဲမှာ CDF ဘက်က တစ်ယောက်ပဲ သေဆုံးတာရှိတယ်လို့ ဆိုပါတယ်။
ကန်ပက်လက်ဘက်က တိုက်ပွဲတွေမှာ ခြုံခိုတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က အကျအဆုံး များနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တုံ့ပြန်ချက်ကိုတော့ RFA က မရသေးပါဘူး။
တိုက်ပွဲတွေ ဆက်ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ ခရီးသွားလာတာတွေ မလုပ်ဖို့၊ စစ်ရေးသတင်းတွေကို မလိုအပ်ဘဲ လူမှုကွန်ရက်စာမျက်နှာတွေပေါ် မတင်ကြဖို့ ချင်းလက်နက်ကိုင်အဖွဲ့ CDF က မေတ္တာရပ်ခံထားပါတယ်။