ခင်ဦး၊ သိမ်တော်ရွာတိုက်ပွဲမှာ PDF အကျအဆုံးများ

ခင်ဦးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
ခင်ဦးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ (Photo - CJ)

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊သိမ်တော်ရွာနားမှာ မတ်လ ၈ ရက် ဒီကနေ့ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲဖြစ်ခဲ့ပြီး PDF ဘက်က ၁၁ ယောက်၊ စစ်ကောင်စီဘက်က တစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လမ်းကြောင်းကို PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာကစလို့ နှစ်ဘက်ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။

PDF တပ်ဖွဲ့ဝင် ၁၁ ယောက်အပြင် လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းသွားတဲ့ အရပ်သား နှစ်ယောက်လည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

"ကျွန်းလည်ရွာက သုံးယောက်ကို လူသားဒိုင်းအဖြစ်ဖမ်းလာတယ်။ မှန်တော၊ သရက်ပင်ဝင်းရွာနဲ့ သိမ်တော်ရွာ ကာကွယ်ရေးအဖွဲ့ဝင် ၁၁ ယောက်ဖမ်းပြီး သတ်ခံရတယ်။ လူသားဒိုင်းအဖြစ် ဖမ်းခံရတဲ့သူတွေလည်း သတ်ခံရတယ်။ စစ်သားတွေဘက်ကလည်း တစ်ယောက်သေပြီး ဒဏ်ရာရတာတွေရှိတယ်၊ ရွာထဲက လူတွေကတော့ ရှောင်နေကြတယ်"

စစ်ကောင်စီဘက်က အနီးနားက ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

ဒီကနေ့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၈၀ လောက် ဝင်လာလို့ ကျွန်းလည်၊အောင်သာ၊ အင်းပေါက်၊မူးသာ၊သိမ်တော်စတဲ့ရွာတွေက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။

ခင်ဦးမြို့နယ်၊ မှန်တောရွာမှာလည်း ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း ဒေသခံအရပ်သားတွေဖြစ်တဲ့ ကိုမျိုးကျော်(၂၉ နှစ်)၊ ကိုသန်းငွေ (၂၅ နှစ်)နဲ့ ကိုမျိုးတင့် (၂၆ နှစ်) တို့ သုံးယောက် မီးရှို့သတ်ဖြတ် ခံခဲ့ရတယ်လို့ ရွာသားတွေကပြောပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်တိုက်ခိုက်နေတဲ့ ဒေသဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း ဒီဒေသကရွာတွေကို ကုန်းကြောင်းတင်မက လေကြောင်းကနေပါ ထိုးစစ်ဆင်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာဖြစ်ပါတယ်။

အဲ့ဒီဒေသမှာ စစ်တပ်ထောက်ခံတဲ့သူတွေနဲ့ ပြည်သူ့စစ်တွေ တန်ပြန်ဖွဲ့စည်းထားတယ်ဆိုတာကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားပါတယ်။