ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေ မေလ ၆ ရက်နေ့ကစလို့ သုံးရက်ဆက်တိုက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်တွေက စစ်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KIA က ဒီနေ့ ပြောပါတယ်။
တိုက်ပွဲတွေဟာ မေလ ၆ ရက်နေ့က မွန်းလွဲပိုင်းက KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ နယ်မြေအတွင်း နမ်လင်းပါကျေးရွာအနီးမှာ စတင်ဖြစ်ပွားခဲ့တာလို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် စစ်မဟာဗျူဟာဌာနအကြီးအကဲ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။
"တစ်နေ့က နေ့လည်ပိုင်းလောက်မှာ စဖြစ်တယ်၊ သူတို့ အဲ့ဒီ နမ်လင်းပါ ဆိုတဲ့ရွာကို စစ်ကြောင်းဝင်လာတဲ့အတွက်ကြောင့်မို့ ကျနော်တို့ရှိနေတဲ့ ရွာနားမှာတိုက်ပွဲဖြစ်တယ်ပေါ့ စဖြစ်တယ်၊ သူတို့က အဲ့ဒီလမ်းကြောင်းတွေကိုဝင်ရှင်းတာက သစ်မှောင်ခိုလုပ်ငန်းတွေကို ဝင်ရှင်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ကဝင်လာတာဖြစ်တယ်၊ ၇ ရက်နေ့မှာတော့ မိနစ် ၂ဝ လောက်ပဲဖြစ်တယ် ပြီးတော့မှ ၈ ရက်နေ့မှာတော့ နေ့လည်ကနေပြီးတော့ စဖြစ်တဲ့အချိမှာ လေယာဉ် ၂ စီနဲ့ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် လာပစ်တဲ့အထိဖြစ်လာပါတယ်၊ ဒီနေ့မနက်လည်း မနက် ၄ နာရီကျော်ကျော်ကနေပြီးမှ စတင်ပစ်တာ မနက်ပိုင်း ၁ဝ နာရီလောက်အထိ ဖြစ်တယ်လို့ပြောတယ် ဒါပေမဲ့ အထိအခိုက်အရှအနာတော့ ကျနော်တို့ မသိရသေးဘူး"
တိုက်ပွဲတွေဟာ မေလ ၈ ရက် ဒီနေ့မနက်ပိုင်း၊ ၁ဝ နာရီအထိ ဖြစ်ပွားလျက်ရှိတယ်လို့သိရပေမယ့် မွန်းလွဲပိုင်းနဲ့ ညနေပိုင်း အခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ ခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်အခြေစိုက် မြန်မာငြိမ်းချမ်းရေးစင်တာတို့ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ အစိုးရတပ်က သစ်မှောင်ခိုသမားတွေကို ဝင်ရောက်ရှင်းလင်းချိန်မှာ KIA ဘက်က မိုင်ထောင်တိုက်ခိုက်ခိုက်တာကြောင့်လို့ အစိုးရဘက်က အကြောင်းပြန်ထားကြောင်း ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။
ဗိုလ်မှူးကြီး ဇော်တောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။