တနင်္သာရီတိုင်း ထားယ်မြို့အခြေစိုက် တနင်္သာရီတိုင်း အပတ်စဉ်ဂျာနယ် မှာ ပါရှိတဲ့ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးဟာ သတ္တုတူးဖေါ်တဲ့ Delco ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဆောင်းပါးရှင် ကိုအောင်လွင်ကို ကုမ္ပဏီက အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ ရေဖြူမြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
သူ့ရဲ့ ဆောင်းပါးဟာ Delco ကုမ္ပဏီကို ဖော်ပြထားတာမျိုးမဟုတ်ဘဲ သတ္တုတူးဖော်မှုတွေကြောင့် ခံစားရတာကိုသာ ရေးခဲ့တာဖြစ်တယ်လို့ တရားစွဲခံရသူ ဆောင်းပါးရှင် ကိုအောင်လွင် က ပြောပါတယ်။
"အခုပြဿနာက တိုက်ရိုက် ကုမ္ပဏီကို ဒီလိုဖြစ်ပါတယ်ဆိုပြီးရေးခဲ့တာမဟုတ်ဘူးလေ၊ ငါးရံ့ကဒီဟာကိုခံစားပြီးတော့ ပြောထားတယ်၊ ပြီးတော့ဆောင်းပါးထဲမှာ Delco ကုမ္ပဏီဆိုပြီးပြောထားတာမရှိဘူး၊ သူကဖြစ်စဉ်ပဲပြောထားတာ၊ ကျနော်တို့ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ ပြန်လည်ခုခံခြေပသွားမှာပါ"
"ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးကို တနသာရီတိုင်း အပတ်စဉ်ထုတ် ဂျာနယ်မှာ ပြီးခဲ့တဲ့ မေလ ၁၁ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဆောင်းပါးထဲမှာ သဘာဝပတ်ဝန်းကျင် မသန့်ရှင်းတော့တာ၊ သတ္တုတွင်းတစ်ခုက ထွက်လာတဲ့ရေ ဆိုးတွေကြောင့် ခံစားရတာတွေကို ဖော်ပြထားတာဖြစ်ပါတယ်။
ကံပေါက်သားအမည်နဲ့ ဆောင်းပါးရေးသားတဲ့ ကိုအောင်လွင်ကို Delco ကုမ္ပဏီက တရားလိုလုပ်ပြီး ရေဖြူမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီနေ့ ပထမဆုံးရုံးချိန်း စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
Delco ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကတည်းက ခဲမဖြူ၊ အဖြိုက်နက်နဲ့ တခြားသတ္တုတွေကို ကံပေါက်ကျေးရွာမှာ တူးဖော်နေတာဖြစ်ပြီး ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦး ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဲဒီကုမ္ပဏီရဲ့ စွန့်ပစ်နုန်းရေကန်ကျိုးပေါက်မှုကြောင့် ကလေး တစ်ဦး သေဆုံးပြီး ကံပေါက်ကျေးရွာက နေအိမ် ၅၀နီးပါး ပျက်စီးခဲ့ပါတယ်။