ကန်ပက်လက်မြို့က နှစ်ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်က ငါးဦး သေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲမှာ မတ်လ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးယောက် သေဆုံးခဲ့တယ်လို့ PDF-SAW အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးဘက်ကနေ ဆောမြို့နယ်ကို ချီတက်လာခဲ့တဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီတပ်ကို မတ်လ ၃ ရက်နဲ့ ၄ ရက်မှာ PDF-SAW နဲ့ ညောင်ရမ်းတပ်ဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ရက်တာ တိုက်ပွဲအတွင်းမှာ PDF တပ်ဖွဲ့တွေဘက်က လက်နက်ကြီးနဲ့ မိုင်း လေးလုံး အသုံးပြုခဲ့ပြီး PDF ဘက်ကတော့ ထိခိုက်သူမရှိခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လောင်းရှည်နဲ့ ဆောမြို့ကြား လမ်းပိုင်းမှာ တဲအိမ် နှစ်လုံးနဲ့ ဆိုင်ကယ်နှစ်စီး ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ကို ဆက်သွယ်နေပါတယ်။

လက်ရှိမှာတော့ ကန်ပက်လက်မြို့နယ်ကနေ ချီတက်လာတဲ့ စစ်ကောင်စီတပ်ဟာ မကွေးတိုင်း၊ ဆောမြို့နယ်ထဲကို ရောက်ရှိနေပြီလို့ PDF-SAW က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁၊ ၁၂၊ ၁၃ ရက်တွေကလည်း မကွေးတိုင်း ကျောက်ထုမြို့ကနေ ဆောမြို့ကို ချီတက်လာတဲ့ စစ်ကား ၁၆ စီး နဲ့ စစ်သည်အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ယာဉ်တန်းကို PDF-SAW အဖွဲ့က သုံးရက်တာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဘက်က ၂၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဆော PDF က ပြောပါတယ်။