ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီလဆန်းကစပြီး တိုက်ပွဲြ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ငါးထောင်ခန့် ရှိနေသလို တိုက်ပွဲကြား ပိတ်မိနေတဲ့ ရွာ ၁၀ ရွာခန့် ရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
မင်းပြားမြို့နယ် သလူချောင်း၊ ကုလားမတောင်၊ ဝါးတောင်၊ တံခွန်တိုင်၊ လက်ခုပ် စတဲ့ ရွာတွေက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေကို ထွက်ပြေး ရောက်ရှိနေကြသလို ဆွေမျိုးနေအိမ်တွေနဲ့ တောတောင်တွေထဲ ခိုလှုံနေသူတွေလည်း ရှိနေတယ်လို့ အကူအညီပေးနေသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောကြပါတယ်။
ဒါ့အပြင် တောင်ပုတ်ကေ၊ ဇုံသာ၊ ကျောက်မှော်၊ ငန်းတက် စတဲ့ ရွာ ၁၀ လောက်ဟာလည်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ရွာတိုင်းနီးပါးဆိုသလို ရွာလုံးကျွတ် ထွက်ပြေးနေကြရပြီး ဒုက္ခသည် ငါးထောင်ခန့် ရှိနေပြီလို့ RFA ကို ပြောပါတယ်။
"ရွာလုံးကျွတ်ပြေးနေရတာ တစ်ရွာတည်း မဟုတ်တော့ဘူး။ ရွာတွေအကုန်လုံးလိုလိုပဲ။ ပိတ်မိနေတဲ့ ရွာတွေ လည်း ကျန်နေသေးတယ်။ မိသားစုနေအိမ်တွေမှာ နေတာ၊ စခန်းတွေမှာနေတာ အားလုံး ငါးထောင် ဝန်းကျင် လောက်ရှိတယ်။ ကျွန်တော်တို့လည်း ဘေးကျပ်နံကျပ်ဖြစ်နေပြီ။ အစိုးရကို အဆိုတွေနဲ့ တိုက်တွန်းတယ်။ အစိုးရက မလိုက်နာဘူး။ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေကို ပြောပေမယ့် ပြည်သူတွေကို အကာအကွယ် မပေးနိုင်ဘူး။ ကျွန်တော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်"
ပိတ်မိနေတဲ့ရွာတွေက ဒေသခံတွေဟာဆိုရင် တောင်ယာလုပ်ငန်းခွင် သွားလို့မရသလို ကယ်ဆယ်ရေးစခန်းတွေဆီ လည်း သွားလို့မရတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
အမ်းသားရွာနဲ့ သေကံရွာဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၅၀၀ လောက်ကို ကူညီပေးနေတဲ့ ကိုအမ်းသားကြီး က- အခုလိုပြောပါတယ်။
"ဒုက္ခသည်တွေမှာ ဘာမှမပါလာသလို သူတို့လယ်ယာတွေလည်း လုပ်လို့မရတော့ဘူး။ လယ်ယာကို ရခိုင် ပြည်နယ်မှာ မိုးရာသီတစ်ခုပဲ လုပ်လို့ရတာ။ အခုလယ်မလုပ်လိုက်ရင် နွေရာသီမှာ စားစရာ ဆန်မရှိဖြစ်မယ်။ အဓိကက သူတို့ လယ်ယာလုပ်ငန်းမလုပ်ရတော့ သူတို့ဘယ်လိုရပ်တည်ရမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုပြီး စိတ်ဓာတ်ကျနေတာရှိတယ်"
ဇူလိုင် ၂၇ရက်နေ့လောက်ကစပြီး ရွာတွေထဲကို တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ဟာ တိုက်ပွဲဖြစ်မှာကို ကြောက်လန့်ပြီး ထွက်ပြေးနေကြတာဖြစ်သလို ၂၈ ရက်နေ့က ကုလားမတောင်ရွာအနီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက်ပိုင်း ဆက်တိုက်ဆိုသလို ကုလားမတောင်ကျေးရွာအနီးမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ကုလားမတောင်ရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။
"ပြည်သူတွေက လက်နက်ကြီးကျလို့ သေမှာကြောက်လို့ ပြေးတာတစ်မျိုး၊ တပ်မတော် ဝင်လာလို့ မင်းတို့ AA တွေကို ထမင်းပေးတယ်ဆိုပြီး မတရားစွပ်စွဲမှာကြောက်လို့ ပြေးတာတစ်မျိုး"
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို ဒုက္ခသည်ဦးရေဟာလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတဲ့အတွက် အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
ကူညီထောက်ပံ့မှုတွေကလည်း သိပ်မပေးနိုင်တာ တေ့ွရတယ်။ ဒုက္ခသည်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကိုတောင် ဖြည့်စွက်မပေးနိုင်ဘူး
"အခုဆိုရင် ကူညီထောက်ပံ့မှုတွေကလည်း သိပ်မပေးနိုင်တာ တေ့ွရတယ်။ ဒုက္ခသည်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကိုတောင် ဖြည့်စွက်မပေးနိုင်ဘူး။ ဒုက္ခသည်ပမာဏ များပြားလာတယ်၊ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတယ်။ ဒါပေမဲ့ ကျန်းမာရေး ပြဿနာတွေလည်း လက်လှမ်းမမီဘူးဖြစ်လာတယ်"
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဦးဇော်ဇော်ထွန်း ပြောသွားတာပါ။
ဒီဒုက္ခသည်တွေကို ပြည်နယ်အစိုးရဘက်က ကူညီထောက်ပံ့မှု အားနည်းတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အကူအညီပေးနေသူတွေက ထောက်ပြကြပါတယ်။
ရခိုင်ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက - မင်းပြားမြို့နယ်က ဒုက္ခသည် တစ်ထောင်နီးပါး စာရင်း ရထားပြီး သူတို့အနေနဲ့ အကူအညီပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
"ထောင်ချီပြီး တိုးနေတယ်။ မှန်တယ်။ အဲဒီဒုက္ခသည်တွေအတွက် ဆန် တစ်လစာ ရိက္ခာထောက်ပံ့ဖို့ လုပ်နေတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့မှာလည်း အခက်အခဲတွေ ရှိနေတယ်။ ဘဏ်မှာငွေထုတ် ရတာတွေ၊ Fax ဖုန်းက ပျက်သွားပြီ။ အင်တာနက်က မရတဲ့ဒေသဖြစ်တော့ အကုန်လုံးက အခက်အခဲတွေ ဖြစ်နေတယ်"
ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ.
"တိုက်ပွဲဖြစ်တာ မှန်ပါတယ်ခင်ဗျ။ မနေ့ကတည်းက ဖြစ်နေတာ ဒီနေ့အထိပဲ။ မြောက်ဘက်မှာကတည်းက စခန်းတွေ တိုက်တိုက်လာလာ အခုတောင်ဘက်အစွန်ဆုံးမှာရှိတဲ့ ယာယီစခန်းတွေကို ဆက်တိုက်တာပေါ့။ AA မြန်မြန်ဆုတ်သွားရင် မြန်မြန်ပြတ်မှာပေါ့။ AA အကြာကြီး ခံရင်တော့ တိုက်ပွဲကြာမှာပေ့ါ"
မင်းပြားမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒုက္ခသည်တွေကို အကူအညီပေးဖို့ လုံခြုံရေးအရ သွားရောက်နိုင် ဖို့ အခက်အခဲရှိနေတယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့တော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုတုံ့ပြန်ပါတယ်။
"အဲဒါကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ပြည်နယ်အစိုးရက ခွင့်ပြုရင် ကျွန်တော်တို့က ဒါတွေကို ဘာမှ ကန့်သတ်ထားတာ မရှိဘူး။"
ဒါနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ် ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
သြဂုတ်လ ၂ရက်နေ့က စစ်တွေမြို့နယ် ခြေရာတော်ကျေးရွာအနောက်ဘက် မီတာ နှစ်ထောင်အကွာမှာရှိတဲ့ AA လေ့ကျင့်ရေးစခန်းတခုကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မင်းပြားမြို့နယ်မှာ အခုလို တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြသလို ကျောက်တော်မြို့နယ်က မဟာမုနိဘုရား ပရိဝုဏ်အတွင်း အစိုးရတပ်မတော်သားတွေ ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမှာကိုလည်း ကျောက်တော် မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ဒါကြောင့် ကျောက်တော်မြို့နယ် သံဃမဟာနာယကအဖွဲ့၊ မဟာမုနိဘုရားဂေါပကတို့က ဦးဆောင်ပြီး ဒီဘုရားဝင်းထဲ နဲ့ ဘုရားပရိဝုဏ်အတွင်း ရှိနေတဲ့ တပ်မတော်သားတွေ ထွက်သွားပေးဖို့ တပ်မတော်ထံ မေတ္တာရပ်ခံစာ ဒီနေ့ ပေးပို့လိုက်ပါတယ်။
ကျောက်တော်မြို့နယ် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးသောပန က အခုလိုမိန့်ပါတယ်။
"မဟာမုနိပုရိဝုဏ်အတွင်း မနေဖို့လေ။ သူတို့ရှိနေရင် ဒကာ ဒကာမတွေက သွားလာရတာ အခက်အခဲကြုံတယ်။ ဒါကြောင့် ဘုရားပုရိဝုဏ်အတွင်း မနေဖို့ မေတ္တာရပ်ခံတာလေ"
အမည်မဖော်လိုတဲ့ ကျောက်တော်မြို့ခံတစ်ဦးက အခုလိုပြောပါတယ်။
"တပ်တွေ သာသနာ့နယ်မြေအတွင်းမှာ ရှိတာ မကောင်းပါဘူး။ သူတို့ သေနတ်တွေ ကိုင်ထားပြီး အခုချိန်မှာ ပဋိပက္ခတွေဖြစ်နေတော့ ဒေသခံတွေ၊ လမ်းသွားလမ်းလာတွေအတွက် အဆင်မပြေဘူး။ အကြောက်တရား လွှမ်းမိုးနေတယ်"
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မဟာမုနိဘုရားအနီး တပ်မတော်ဘက်က သေနတ်ပစ်ခတ်လို့ ဒေသခံတစ်ဦး သေနတ်ကျည် ထိမှန်ခဲ့ပါတယ်။
ကျောက်တော်က အခြေအနေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ - တပ်မတော်ဘက်က ပစ်ခတ်တာမဟုတ်ကြောင်း၊ ဘုရားဝင်းထဲမှာ တပ်မတော်သားတွေ ခြေကုပ်ယူထားတာ မရှိကြောင်း၊ တပ်မတော်သားအများအပြား တေ့ွရှိခဲ့တာဆိုရင် ဘုရား သန့်ရှင်းရေးဆောင်ရွက်တဲ့ တပ်မတော်သားတွေသာ ဖြစ်နိုင်ကြောင်း တုံ့ပြန်ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ လျော့နည်းသွားတာမရှိဘဲ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူနဲ့ ဒုက္ခသည်ဦးရေဟာလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်နေပါတယ်။
REC က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၁၈ ဒီဇင်ဘာက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ခြောက်သောင်းနီးပါး ရှိနေပြီး ဒီတိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူကတော့ ၂၀၀ ခန့် ရှိနေပြီလို့ သိရပါတယ်ရှင်။