ရေဘေးဒုက္ခသည်တွေကို ၈၈ မျိုးဆက် သွားရောက်ကူညီ

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း အတွင်းက ရေကြီး ရေလျှံနေတဲ့ နေရာတွေကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လူမှုရေး အကူအညီတွေ သွားရောက် ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။

2012.08.20

ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်က ရေနစ်မြှုပ်နေတဲ့ အိမ်ခြေ ၇၀၀ အတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အဝတ်အထည်တွေ အများအပြား သွားရောက် လှူဒါန်းမှာဖြစ်ကြောင်း ဒီခရီးစဉ်ကို ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ကျော်က ပြောပါတယ်။

"ပုသိမ် မုံရွာလမ်းမှာတင်ပဲ အခု ကျွန်တော်ဖြတ်လာတဲ့အခါမှာ ၃ ဖြတ်လောက် ရေမြှုပ်နေတာသွားတွေ့ရတယ်။ နောက်အဲဒီမှာ ရှိတဲ့လယ်တွေအကုန်လုံး ရေအပြည့် ဖြစ်နေတယ်ပေါ့နော်။ ဒါ ဒီအပိုင်းက နည်းနည်းလေး ရေပြန်ကျသွားတာ။ သာပေါင်းမှာ တော့ ကျွန်တော်တို့ အခုသွားပြီးလှူမဲ့ ရွာအုပ်စုကတော့ အိမ်ခြေ ၇၀၀ ကျော်လုံး ရေနှစ်မြှုပ်နေတယ်။ အဲဒီမှာ ဒုက္ခရောက်နေတဲ့လူတွေမှာ စားစရာ ဆန်မရှိဘူး။ နောက်သူတို့ ဘာတွေ လုပ်နေသလဲဆိုတော့ သစ်ပင်တွေမှ တွယ်ကပ်နေတဲ့ မြွေတွေ၊ ဖားတွေရယ် အဲတာတွေကို လိုက်ပြီးတော့ လိုက်သတ် စားနေရတဲ့ဟာမျိုး ရှိတယ်။ နောက်ပြီးတော့မှ သောက်ရေ သူတို့မှာမရှိဘူး။ နောက်ရှိတဲ့ သောက်ရေကိုလည်း သူတို့ အနည်ပြန်ထိုင်ပြီးတော့ ပြန်သောက်ဖို့ ကြိုစားနေရတဲ့ ဟာမျိုးပေါ့နော်။ ရေတွင်း တွေ၊ ရေကန်တွေအားလုံးလည်း မြှုပ်သွားတယ်"

ဒါ့အပြင် မြောင်းမြခရိုင် လူငယ်ကွန်ယက် အဖွဲ့ကလည်း သာပေါင်းမြို့နယ်က ရေဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ဒီကနေ့ သွားရောက်လေ့လာခဲ့ပြီး ဒီဒုက္ခသည်တွေအတွက် မနက်ဖြန်မှာ ဆန်အိတ် သုံးရာ သွားရောက် လှုဒါန်းမှာဖြစ်ကြောင်း သိရပါတယ်။

ကိုအံ့ဘွယ်ကျော် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ရေဘေးဒဏ် ခံနေရတဲ့ လေးဒေါင့်ကန်မြို့နယ်က ဒေသခံတွေကို ဒီကနေ့ သွားရောက် ကူညီပေးခဲ့ကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိရဲ့ စုစည်းတင်ပြချက်ကို နားဆင်ပါ။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။