ဟင်္သာတမြို့နယ်မှာ ရေဘေးကြောင့် လူတစ်ထောင်ကျော် ဘေးလွတ်ရာကိုပြောင်းရွှေ့ရ
2023.09.13
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် အိပ်ပျက်ကျေးရွာအုပ်စု၊ ငှက်ပျောတော၊ ဖောင်ဆိပ်၊ အုန်းတောနဲ့ တာငုတ်ကျေးရွာတွေက နေအိမ် နှစ်ရာခန့် ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း တစ်ထောင်ကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံလူမှုကူညီရေးဆောင်ရွက်နေသူတွေက RFA ကို ဒီနေ့ပြောပါတယ်။
တဖြည်းဖြည်းမြင့်တက်လာတဲ့ ဧရာဝတီမြစ်ရေကြောင့် ဒေသခံတွေကို ရွှေ့ပြောင်း ထားရတာလို့ လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်တွေဆိုရင် ခေါင်လောက်အထိ နေလို့မရတဲ့အထိ မြှုပ်သွားတဲ့အိမ်တွေ အများကြီးပဲ။ လုံးဝ ရေထဲမှာမြုပ်သွားတဲ့ အိမ်တွေလည်းရှိတယ်။ တချို့ ဘုန်းကြီးကျောင်းတွေဆို ရေလွတ်ရာကို ဖျက်ရွှေ့ရတာ ရှိတယ်"
လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေကို ယာယီတဲတွေ ဆောက်လုပ်နေရာချထားရပြီး သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် သောက်သုံးရေနဲ့ ဆန်၊ ဆီ စတဲ့ အခြေခံ စားသောက်ကုန်တွေ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ စက်တင်ဘာလ (၁၂) ရက်နေ့ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် (၈) လက်မခန့် ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။