တံတားဦးနဲ့ စစ်ကိုင်းမှာ ရေဘေးသင့်သူ နှစ်သောင်းနီးပါးရှိနေ


2019.07.22
tataroo-flooding-622.jpg တံတားဦးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ခေတ္တပိတ်ထားရတဲ့ အခြေခံပညာကျောင်းအချို့ကို တွေ့ရစဉ်
Photo: MOI Webportal Myanmar

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် တံတားဦးမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ လူဦးရေ နှစ်သောင်းနီးပါး ရေဘေးဒဏ်ခံနေရပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ကစပြီး မန္တလေးတိုင်း တံတားဦးမြို့နယ်အတွက် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို တစ်ပေစီ နေ့စဉ်မြင့်တက်ခဲ့တာဖြစ်လို့ အခုဆိုရင် လူဦးရေ တစ်သောင်းကျော် ရေဘေးဒဏ်ကြောင့် ရွှေ့ပြောင်း နေရပါတယ်။

တံတားဦးမြို့နယ်အတွင်းက ရေဘေးဒုက္ခသည် တစ်သောင်းကျော်ဟာ ဘုရားတွေ၊ စာသင်ကျောင်းတွေနဲ့ ဓမ္မာရုံ တွေမှာ ယာယီခိုလှုံနေကြပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေနဲ့ ရပ်ကွက်တွေက နေအိမ်တွေထဲ ရေဝင်ရောက်နေတာဖြစ်ပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က ပြောပါတယ်။

လက်ရှိ တံတားဦးမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က ဒီရေဘေးသင့်သူတွေအတွက် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ တိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

"အဓိကက ရှင်းရှင်းပြောမယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေး၊ ဒါတွေကြောင့် ရေကျိုချက် သောက်ဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးနဲ့ ကျေးရွာအလိုက် ကယ်ဆယ်ရေး စခန်း ၁၆ ခုမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်နေပါပြီ"

အလားတူ စစ်ကိုင်းမြို့မှာလည်း နေအိမ်တချို့ကို ရေတွေဝင်ရောက်ခဲ့တာဖြစ်လို့ အခုဆိုရင် လူဦးရေ ကိုးထောင်နီးပါး ရေဘေးလွတ်ရာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေဆီ ရွှေ့ပြောင်းနေကြတယ် လို့ သိရပါတယ်။

နောက်ထပ်လည်း စစ်ကိုင်းမြို့နယ်မှာ ရေဘေးသင့်လူဦးရေ ထပ်တိုးလာနိုင်ခြေရှိတယ်လို့  တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လတ်တလော စစ်ကိုင်းမြို့နယ်မှာ အိမ်ထောင်စု နှစ်ထောင်ကျော်၊ လူဦးရေ ကိုးထောင်နီးပါး ရေဘေးဒဏ်ခံနေရပြီး စာသင်ကျောင်း ၁၁ ကျောင်း ပိတ်ထားရပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွက် ဧရာဝတီမြစ်ရေဟာ နောက် နှစ်ရက်အတွင်း ကျသွားနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက RFA ကို ပြောပါတယ်။

ဆက်လက်ပြီး ဧရာဝတီမြစ်ရေဟာ နောက်နှစ်ရက်၊ သုံးရက်အတွင်း အောက်ဘက်ကို ပြန်ကျနိုင်ခြေရှိတာကြောင့် ဧရာဝတီတိုင်းအတွင်းက ဟင်္သာတ နဲ့ ဇလွန်မြို့နယ်တွေမှာ နေထိုင်သူတွေ အထူးသတိထားဖို့ လိုအပ်တယ်လို့ ဦးကျော်မိုးဦးက အခုလို သတိပေးပြောဆိုပါတယ်။

"စိုးရိမ်ရေမှတ်ကျော်နေတဲ့ ဒေသတွေရယ်၊ စိုးရိမ်ရေမှတ်နား ရောက်လာနိုင်တဲ့ မြို့တွေမှာ၊ မြစ်ကမ်းနံဘေးနား နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်သင့်ပါတယ်။ ဒီကာလတွေမှာ ရေဝင်ရောက်မှု ရှိလာပြီဆိုရင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖဲ့ွတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာသင့်ပါတယ်။ ဒီရေက အောက်ဘက်ကို ဆင်းသွားမယ့် အနေအထားရှိတယ်။ အခုလက်ရှိမှာလည်း အောက်ဘက်မှာရှိတဲ့ ဟင်္သာတတို့ ဇလွန်တို့က ဒီရက်ပိုင်းမှာလည်း တစ်ပေနီးပါးလောက် တက်နေတဲ့အခါကျတော့ ဒီအပေါ်ကရေက နောက် လေးငါးရက်နေရင် အောက်ရောက်လာမှာဖြစ်လို့ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တဲ့ အနေအထားမျိုးရှိတယ်။ အောက်ပိုင်းကဒေသတွေက လောလောဆယ် စိုးရိမ်ရေမှတ် မရောက်သေးပေမယ့် ရောက်လာတဲ့အခါကျရင် မိမိတို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်ပါတယ်"

ဒါ့အပြင် ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့အတွက် နောက် သုံးရက်အတွင်း စိုးရိမ်ရေမှတ်နားကို ရောက်ရှိနိုင်ပြီး၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နောက်နှစ်ရက်အတွင်း မိုးကြီးနိုင်တယ်လို့ ဦးကျော်မိုးဦးက သတိပေးပြောဆိုထားပါတယ်ရှင်။

(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။