နိုင်ငံခြားငွေ အသုံးပြုခွင့်လိုင်စင် ဗဟိုဘဏ်က ပြန်သိမ်းမည်
2015.10.18
မြန်မာနိုင်ငံမှာ ဟိုတယ်တွေကနေ ဆေးရုံတွေအဆုံး အမေရိကန်ဒေါ်လာနဲ့ ငွေချေစနစ်သုံးစွဲနိုင်ဖို့ ထုတ်ပေးထား တဲ့လိုင်စင်တွေကို ဗဟိုဘဏ်က ပြန်လည်သိမ်းယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ ရိုက်တာ သတင်းဌာနက ဖေါ်ပြလိုက် ပါတယ်။
အဲ့ဒီ နိုင်ငံခြားငွေ အသုံးပြုခွင့် လိုင်စင်ရရှိထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခုလ ၁၉ ရက်နဲ့ ၃ဝ ရက်ကြားမှာ လိုင်စင်တွေပြန်အပ်ဖို့ တရားဝင်စာပေးပို့ထားပြီလို့ ဆိုပါတယ်။
ကုန်ပစ္စည်းအရောင်းအဝယ်နဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် မြန်မာကျပ်ငွေသုံးစွဲမှုကို တွန်းအားပေးတဲ့ အနေနဲ့ရော၊ Debit card, Credit card စတဲ့အကြွေးဝယ်ကတ်ပြားတွေ ပိုမိုသုံးစွဲလာစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံခြားငွေ အသုံးပြုခွင့် လိုင်စင်ရရှိထားသူတွေက ဒေါ်လာငွေဗဟိုပြုပြီး လုပ်ကိုင်လာခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး အားလျော့လာခဲ့ကြောင်း၊ IMF အပါအဝင် နိုင်ငံတကာ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီၤး အခုလိုဆုံးဖြတ် တာဖြစ်တယ်လို့ ဗဟိုဘဏ်က အမည်မဖေါ်လိုသူ အရာရှိတစ်ဦးကိုကိုးကားပြီး အဲ့ဒီသတင်းမှာ ဖေါ်ပြထားပါတယ်။