ကလေးစစ်သားဘဝကနေ တပ်ပြေးအဖြစ်နဲ့ အဖမ်းခံရသူ ဖမ်းဆီးခံရစဉ် သေဆုံး

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က ကလေးစစ်သား ဖြစ်ခဲ့တဲ့ မောင်ချစ်စမ်းမောင် (ခေါ်) ဆနေဝင်းထွန်း ကို စစ်တပ် အရာရှိတွေက စစ်ပြေးမှုနဲ့ဖမ်းသွားပြီးတဲ့နောက် သေဆုံးသွားတဲ့ အတွက် ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြား ထားတယ်လို့သိရပါတယ်။
2010-12-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီကိစ္စနဲ့ပတ်သက်လို့ အစ်မတော်ဖြစ်တဲ့ သီလရှင် ဆရာလေး ဒေါ်ကုမ္မာစာရီက RFA ကို အခုလို ပြောပါတယ်။

"ပြန်ပြေးလာတော့ ခြေထောက်တွေမှာ ညိုမဲနေတာဘဲ။ ခြေထောက်တွေရော၊ ပေါင်တွေရောပေါ့နော်။ တအား ညှင်းပန်းနှိပ်စက်လို့ ဆိုပြီးတော့ ပြန်ပြေးလာခဲ့တယ်။

၂ ရက် ၉ လ ၂၀၁၀ မှာ ဆုံးသွားတယ်လို့ ရွာက ရရက က မြို့ကို သွားရင်းနဲ့ ကြားလာခဲ့တာပေါ့နော်။"

မောင်ချစ်စမ်းမောင်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်- သူအသက် (၁၅) နှစ်အရွယ်မှာ နေအိမ်ကနေ ပျောက်သွားပြီး၊ ၅ လလောက်အကြာမှာ စစ်ဝတ်စစ်စားနဲ့ ပြန်ရောက်လာတယ်လို့ ဒေါ်ကုမ္မာစာရီက ပြောပါတယ်။

အဲဒီနောက် မိဘတွေနဲ့လယ်ယာ လုပ်ကိုင်စားသောက် နေထိုင်ရင်း ဒီနှစ်ထဲမှာမှ စစ်ပြေးမှုနဲ့အဖမ်းခံလိုက်ရတာပါ။

အဖမ်းခံရပြီး ရက်ပိုင်းမှာပဲ ညှင်းပမ်း နှိပ်စက်ခံရတဲ့အတွက် သေဆုံးသွားတာ ဖြစ်သလို၊ အလောင်းကိုလဲ မိသားစုဝင်တွေ ပြန်မရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒီအမှုကိုအရေးယူဆောင်ရွက်ပေးဖို့ရန်ကုန်မြို့က ILO ရုံးမှာတိုင်ကြားထားတာဖြစ်တယ်လို့ ကလေး စစ်သားပပျောက်ရေး လိုက်လံ ဆောင်ရွက်နေတဲ့ NLD အဖွဲ့ဝင် ဦးသက်ဝေက RFA ကို ပြောပါတယ်။

"ဒီသေမှု သေခင်းနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေ၊ စစ်တပ်ကဘဲ ဖြစ်ဖြစ် ဘယ်သူမဆိုပေါ့ဗျာ။ ဥပဒေ ချိုးဖောက်တယ်ဆိုရင်တော့ အရေးယူကို ယူသင့်တယ်။ ဒါမှဘဲ ဒီတိုင်းပြည်က တရားဥပဒေ စိုးမိုးမှု ရှိမှာပေါ့။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို တိုင်မှာ ဖြစ်သလို၊ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ဥပဒေအရ ဆောင်ရွက်သွားဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။"

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်တပ်က အတင်းအဓမ္မ စစ်သား စုဆောင်း နေတာတွေ၊ တချို့လူတွေက စစ်တပ်က ဆုငွေရဖို့ကလေးတွေကို သွေးဆောင် ဖျားယောင်း ခေါ်သွားပြီး စစ်တပ်ထဲ ထည့်လိုက်တဲ့ အဖြစ်အပျက်တွေလည်း ရှိတယ်လို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ပြေးမှုနဲ့အဖမ်းခံရပြီး သေဆုံးသွားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က ကလေးစစ်သား မောင်ချစ်စမ်းမောင်ရဲ့ အစ်မဖြစ်သူ ဆရာလေး ဒေါ်ကုမ္မာစာရီကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့