မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ပေးရမယ့်သူတွေအဖြစ် အမြန်ဆုံး တရားဝင် အသိအမှတ်ပြုလက်ခံဖို့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ မေလ ၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဒီဒုက္ခသည်တွေကို မြန်မာပြည်ဘက် အဓမ္မ ပြန်မပို့ဖို့ကိုလည်း Fortify Rights က တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုမှုမတိုင်ခင် မေလ ၃ ရက် အင်္ဂါနေ့မှာ Fortify Rights က ဗွီဒီယိုတစ်ခု ထုတ်ပြန်ထားတာပါ။ ဗွီဒီယိုထဲကတော့ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ အပြင်းအထန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ချောင်းကိုဖြတ်ကူးနိုင်ဖို့ ယာယီချထားတဲ့ ဝါးတံတားတခုကို ယူနီဖောင်းဝတ် ထိုင်းစစ်သားတွေက ဓားနဲ့ခုတ်ဖြတ်နေတာဖြစ်ပါတယ်။
ဒီဗွီဒီယိုထုတ်ပြန်ပြီး မကြာခင်မှာပဲ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ ၃ သိန်းလောက်ရှိသွားခဲ့တာကြောင့် ထိုင်းစစ်တပ်ကနေ မေလ ၄ ရက်နေ့မှာ ကြေညာချက်ထုတ်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က ယာယီလူကူးဝါးတံတားတစ်ခုကို ထိုင်းစစ်သားတွေ ဖျက်ဆီးခဲ့တယ်ဆိုတာကို အတည်ပြုပေမဲ့ သူတို့ဘက်က မမှားဘူးလို့ ပြောဆိုခဲ့ပါတယ်။
“တရားမဝင်ပစ္စည်းတွေကို မှောင်ခိုသယ်ယူရာမှာ သုံးခဲ့ဖူးတဲ့ တံတားဖြစ်တာကြောင့် ဖျက်ဆီးရတာဖြစ်တယ်" လို့ ထိုင်းစစ်တပ်က သူတို့ရဲ့ Facebook စာမျက်နှာကနေ ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစလို့ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည်ဦးရေဟာ ၂ဝ၂၂ ဧပြီလလယ်အထိဆိုရင် ၅ သိန်း ၆ သောင်း ၆ ထောင် ၁ဝဝ ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (UNOCHA) က စာရင်းထုတ်ပြန်ထားပါတယ်။