ချင်းပြည်နယ်၊ မင်းတပ်မြို့မှာရှိတဲ့ စည်ပင်သာယာဈေး မီးလောင်တာဟာ ချင်းပြည်နယ် ဝန်ကြီးချုပ်က မီးရှို့ခိုင်း တာဖြစ်ကြောင်း အင်တာနက်ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့တဲ့ မင်းတပ်မြို့ခံ ၄ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မင်းတပ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ မင်းတပ်မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်မြင့်ဇော်က ပြောပါတယ်။
"သူတို့ကို ၂ဝ၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ပဲဖွင့်တာ၊ တရားလိုက ချင်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပါတယ်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်ကို ဂုဏ်သရေညှိးနွမ်းစေတဲ့ စာသားတွေနဲ့ မီးလောင်ဓါတ်ပုံ ပါတာကို သူတို့ရဲ့ဖုန်းထဲမှာ စစ်ဆေးတွေ့ရှိတယ်"
အမှုဖွင့်ခံထားရသူ ၄ ဦးဟာ ခရစ်ယာန်ဓမ္မဆရာ ၃ဦးနဲ့ ကိုးတန်း ကျောင်းသားတစ်ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီး မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ တိုက်ကြီးမြို့နယ်တွေကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခဲ့တာဖြစ်တယ် လို့ သိရပါတယ်။
လက်ရှိ သူတို့၄ ဦးကို မင်းတပ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မင်းတပ်မြို့ စည်ပင်သာယာဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၃၀ ကျော်၊ ငွေကျပ် သိန်း ၇၀ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး မီးရှို့သူကိုလည်း မင်းတပ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။