စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ကွန်းတောရွာကို မတ်လ ၁၈ ရက် မနေ့က စစ်ကောင်စီ တပ်သားတွေ ရောက်လာပြီးနောက် အိမ် လေးလုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ နီးပါးရောက်လာပြီး ရွာထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ အိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသား တစ်ယောက်က RFA ကို ပြောပါတယ်။
“ဒေသခံတွေကတော့ သူတို့လာတော့ ထွက်ပြေးသွားတယ်။ အဲဒီမှာ သူတို့က ပကဖ ထဲပါတယ်ဆိုတဲ့သူ လေးယောက်ရဲ့အိမ်တွေကို မီးရှို့သွားတယ်။ ဒီကနေ့လည်း စစ်သားတွေ ထပ်ရောက်နေကြတယ်။ ဘာတွေဆက်ဖြစ်ဦးမလဲ မသိဘူး၊ ပကဖ အဖွဲ့တွေကလည် ဒီနားမှာမရှိတော့ မကူညီနိုင်ကြဘူး“
လတ်တလောမှာတော့ ဒေသခံရွာသားတွေဟာ အဲဒီကွန်းတောရွာအနီး ကောယားရွာက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ကွန်းတောရွာဟာ အိမ်ခြေ ၃၀၀ ဝန်ကျင်ရှိပြီး လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွန်းတောရွာဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင် စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဖောင်ပြင်မြို့နယ်ဟာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ကွန်းတောရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု သိမ်းဆည်း ခံခဲ့ရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။