ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်အုပ်စု၊ သရက်တောင်မွတ်စလင်ကျေးရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်က စိမ်းညှင်းပြာအုပ်စု၊ ဒိုင်းနက်ပြင်မွတ်စလင်ရွာကို အောက်တိုဘာ ၁၈ ရက်နေ့၊ ဒီနေ့လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၄၅ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သူ့ကိုစစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ထိခိုက်ဒဏ်ရတဲ့ အဲဒီရိုဟင်ဂျာအမျိုးသား သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ကလည်း ကစ္ဆပနဒီတံတားအနီးမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် ပိုက်သည်ရပ်၊ ကန်ပေါက်ရွာမှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ မယာစ်မိနာ ကျည်ထိမှန်လို့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလဲ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း အဆက်အသွယ်မရခဲ့ပါဘူး
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေအကြား အောက်တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၁၈ ရက်နေ့အတွင်း ရိုဟင်ဂျာ အမျိုးသား၊အမျိုးသမီးလေးဦး သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ၊ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်အခြေစိုက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်မှာ ရခိုင့်တပ်တော် AA ရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ယောက် အပါအဝင် ၁၄ ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့လည် ခိုင်သုခက ပြောပါတယ်။