ရန်ကုန်မြို့က တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့ပူးပေါင်း မဟာမိတ်ဖွဲ့

အာဏာသိမ်းစစ်ကောင်စီ အင်အားစုတွေကို ရန်ကုန်တိုင်းအတွင်း တိုက်ခိုက်နေတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့က YUA လို့အတိုကောက်ခေါ်တဲ့ Yangon UG Association မဟာမိတ်အဖွဲ့ကို မေလ ၃ ရက်နေ့ မနေ့က ဖွဲ့စည်းကြောင်းကြေညာလိုက်ပါတယ်။

အဲဒီအဖွဲ့က အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနဲ့ သူတို့ရဲ့လက်ပါးစေ ဒေါက်တိုင်တွေကို အမြစ်ဖြတ်တွန်းလှန်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးတို့အပြင် ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် အခုလိုမဟာမိတ်ဖွဲ့လိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

YUA ရန်ကုန်တိုင်းပြောက်ကျားမဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ God’s Hand Forces ခေါင်းဆောင်ဆရာကျောင်းက အခုလိုမဟာမိတ်ဖွဲ့ဖို့ ပြီးခဲ့တဲ့လကတည်းက သဘောတူခဲ့ကြတာလို့ RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ထဲမှာဆိုရင် ပကဖလည်းပါတယ်။ STF Special Task Force လည်းပါတယ်။ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအောက်ကလည်းပါတယ်။ အလွတ်တန်းတွေလည်းပါတယ်။ ကျွန်တော်တို့က ပြည့်သူ့ အားကို ကိုးချင်တယ်။ ကျွန်တော်တို့လက်နက် ကျွန်တော်တို့ဝယ်မယ်ကိုင်မယ်။ အဲ့အတွက်ပြည်သူဆီက အားကိုလိုချင်လို့ ဒီလိုဖွဲ့ပြီး ဒီလိုချပြတာ။ ထင်ရှားတဲ့ mission တွေပြောရမယ်ဆိုရင် ၂ လပိုင်း ၅ ရက်နေ့က ဒေါပုံရေတပ်စခန်းမှာ ကျွန်တော်တို့ ဝင်ပြီးတော့ ဖောက်ခွဲ ပစ်တယ် အဲ့ဒါက ကျွန်တော်တို့ ၁၄ ဖွဲ့ထဲကပဲ ။ ပြီးရင် ၃ လပိုင်း ၂၄ ရက်နေ့မှာ ဒေါပုံရဲစခန်းကို ဖောက်ခွဲလိုက်တယ်။ တောင်ပိုင်းခရိုင်မှာဆိုရင်လည်း သုံးခွ ရဲစခန်းကို ၄ဝ မမနဲ့ သွားပစ်တယ်။ ပြီးတော့ တောင်ဒဂုံမှာလမ်းမှာ ပဒေသာမိုင်းဆင်ပြီး ခွဲတယ်။ Little Hero မဟုတ်ဘူးဗျ။ အဲ့မှာ ဖြစ်ရပ်က နှစ်ခု ဖြစ်နေတဲ့ အတွက် တစ်ခါတလေကျရင် တချို့တွေက အထင်လွဲနေတာ။ တကယ်တမ်းကျတော့ လုပ်တာ Little Hero ကလည်း တကယ်လုပ်ခဲ့တယ်။ ကျွန်တော်တို့ ၁၄ ဖွဲ့ထဲက Human Rights Defenders နဲ့ GZDF ကလည်း သွားလုပ်တယ်။ ဖြစ်ရပ်က နှစ်ခုဖြစ်တယ်။ ရက်က တစ်ရက်ပဲ ခြားတဲ့ အတွက် တချို့ကထွေပြားနေတယ်။”

အခုဖွဲ့လိုက်တဲ့ မဟာမိတ်အဖွဲ့မှာပါဝင်တဲ့ ကျောက်တန်း PDF ခေါင်းဆောင် ကိုဒီပါကလည်း သူတို့အနေနဲ့ စစ်ရှိန်တိုးဖို့ ပြည်သူတွေရဲ့အကူအညီကို လိုအပ်နေကြောင်းနဲ့ နေရာဒေသကွဲပြားနေပေမယ့် သူတို့အချင်းချင်း ညီညွတ်မှုရှိကြောင်းကိုလည်း ပြည်သူတွေသိစေချင်တယ်လို့ ပြောပါတယ်။

“အားလုံး စုစုစည်းစည်းနဲ့စုပေါင်းပြီး လုပ်လိုက်မယ်ဆိုရင် ပိုအဆင်ပြေမယ်။ ကျွန်တော်တို့က မဟာမိတ်ဖွဲ့လိုက်တယ်။ ဖွဲ့ပြီးတော့မှ ဒီထဲမှာ ရှိတဲ့ အဖွဲ့တွေထဲကနေပြီးတော့ ပြည်သူလူထုကို ချပြတာ။ တကယ်မြေပြင်မှာ လုပ်နေတဲ့ အဖွဲ့တွေပဲ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ ဝိုင်းဝန်းကူညီမှု အားလည်း လိုတာပေါ့။ အဓိက မပြည့်စုံတာကတော့ လက်နက်၊ ခဲယမ်းပါ။ ပြည်သူလူထုထောက်ပံ့ပေးမယ်ဆိုရင် ဒါ့ထက် ပိုပြီးတော့ ရန်ကုန်မြို့မှာ စစ်ဆင်ရေးတွေ အများကြီး ပိုလုပ်နိုင်မယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဖေးမပြီးတော့ ဒီအဖွဲ့ထဲမှာ ပစ္စည်းပိုနေတဲ့သူက မရှိတဲ့အဖွဲ့တွေကို ပြန်ဖြည့်တင်းပေးတယ်။”

ဆရာကျောင်းကလည်း ပြီးခဲ့တဲ့တစ်လအတွင်း သူတို့မဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ ပြောက်ကျားတိုက်ခိုက်မှု ၄၆ ခုပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

“လေးလပိုင်းအတွင်းမှာ ဒလန်၊ ရဲ၊ စစ်သား အနည်းဆုံး ၃ဝ လောက်ကို သုတ်သင် ရှင်းလင်းလိုက်တယ်။ ကျွန်တော်တို့ရဲ့ အားကိုးရာက ပြည်သူပဲ။ ပြည်သူကပေးတဲ့ လက်နက်နဲ့ ဒီစစ်ကောင်စီကို တိုက်ဖို့အတွက် ပြည်သူ့အားနဲ့ ကျွန်တော်တို့ ထွက်လာတယ်ဆိုတာကို သိစေချင်ပါတယ်။ ကျွန်တော်အပါအဝင် ညီအကို ၁၄ ဖွဲ့ လုံးအနေနဲ့ ပြောနိုင်တာကတော့ ကျွန်တော်တို့က other field ကလာတာပါ။ စစ်ရေးစစ်ရာနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်ဆို ကျောင်းဆရာဗျာ။ ပြောချင်တာက ဖက်ဒရယ်ဒီမိုကရေစီရမယ်၊ အကုန်လုံး တန်းတူညီတူ အခွင့်အရေးရတဲ့ အချိန်မှာ အားလုံးကို စွန့်လွှတ်ပြီး ကိုယ့်field ထဲ ကိုယ်ပြန်ဝင်မှာ။ ထပ်ပြီးလည်း ပါဝင်တော့မှာ မဟုတ်ပါဘူး။”

ဒါ့အပြင် ဆရာကျောင်းက သူတို့နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအကြား ဆက်သွယ်ပူးပေါင်းမှုရှိပါတယ်။ ဒါပေမဲ့ လိုအပ်သလောက် အကူအညီကိုတော့ မရရှိသေးဘူးလို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ မြန်မာနိုင်ငံတစ်ဝန်းက မြို့နယ် ၂၅ဝ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ ၂၅ဝ နဲ့ မြို့ပြ ပြောက်ကျား အဖွဲ့ ၄ဝဝ ကျော် ဖွဲ့စည်းထားပြီး အများစုက NUG နဲ့ အချိတ်အဆက်ရှိပြီးဖြစ်တယ်။ တတ်နိုင်သမျှကူညီနေတယ်လို့RFA ကို ဒီရက်ပိုင်း ပြောကြားထားပါတယ်။