ထောင်ချခံ ရခိုင်ကျောင်းသား လေးဦး ပြန်လွတ်

2022.03.11
ထောင်ချခံ ရခိုင်ကျောင်းသား လေးဦး ပြန်လွတ် ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းဖွင့်ပေးရန် ဆန္ဒပြမှုဖြင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် ရခိုင်ကျောင်းသားလေးဦး ကို တွေ့ရစဉ်
Photo: Arakan Students' Union

ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်း ဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို အလိုမရှိကြောင်း ဆန္ဒပြလို့ ထောင် နှစ်နှစ်ခွဲ ကျခံနေရတဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား လေးဦးဟာ မတ်လ ၁၁ ရက်နေ့ ဒီနေ့မှာ ထောင်က ပြန်လွတ်လာကြတယ်လို့ ကာယကံရှင်တွေက RFA ကို ပြောပါတယ်။

ပြန်လွတ်လာတဲ့ ကျောင်းသားတွေဟာ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူ ပညာရေး ကောလိပ်က ကိုမြတ်စိုးဝင်း တို့ ဖြစ်ပါတယ်။

စစ်တွေအကျဉ်းထောင်ထဲမှာ တစ်နှစ်နဲ့ ခြောက်လ တရားရုံး အယူခံနဲ့ ပြန်လွတ်လာကြတာ လို့ ကိုကျော်နိုင်ဌေး က ပြောပါတယ်။

"ပထမဆုံး ကျွန်တော်တို့ကို ထောင်ဒဏ်ချထားတာက နှစ်နှစ်နဲ့ ခြောက်လ။ အဲဒါကို ပြစ်ဒဏ်လျှော့ပေးဖို့ ပြည်နယ်တရားရုံးကို အယူခံတင်တယ်။ အယူခံ အောင်သွားတာ ပေါ့။ ထောင်ဒဏ် တစ်နှစ် အလျှော့ခံရတယ်။ ဆိုတော့ ထောင်ထဲမှာ တစ်နှစ်နဲ့ ခြောက်လ နေခဲ့ရတယ်"

အခုလို လွတ်မြောက်တဲ့အတွက် ဝမ်းသာကြောင်းနဲ့ ရခိုင်ပြည်သူတွေအရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ပြန်လွတ်လာတဲ့ ကျောင်းသား လေးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ က ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်း ဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြ နေစဉ်မှာပဲ ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။

စစ်တွေအကျဉ်းထောင်ထဲကနေ အချိန် တစ်နှစ်ကျော်အကြာ အမှုရင်ဆိုင်အပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ်နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဥပဒေပုဒ်မ - ၂၅ အတွက် ထောင်ဒဏ် ခြောက်လ၊ စုစုပေါင်း ထောင် နှစ်နှစ်ခွဲ အသီးသီး ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။