ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်က မြေနီကုန်း ခုံးတံတားနံရံမှာ ရေးဆွဲထားတဲ့ နံရံပန်းချီ (Street Art) ပုံတွေကို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ဆေးအဖြူသုတ်ပြီး ဖျက်ဆီးလိုက်တဲ့အပေါ် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက မတ်လ ၁၈ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရနဲ့ ရန်ကုန်မြို့တော်အာဏာပိုင်တွေက ခွင့်ပြုပြီး ပြင်သစ်သံရုံးက ပံ့ပိုးပေးထားတဲ့ အနုပညာလက်ရာတစ်ခု ပျောက်ဆုံးသွားတာလို့လည်း ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အနုပညာထုတ် ဖော်ခွင့်တွေကို လေးစားလိုက်နာဖို့နဲ့ အနုပညာနဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ တောင်းဆိုကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း နံရံပန်းချီ (Street Art) ဖျက်ဆီးခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။
အဲဒီနံရံပန်းချီ (Street Art) ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပြင်သစ်-မြန်မာ သံတမန် ဆက်ဆံရေး ၅၅ နှစ်ပြည့်အနေနဲ့ "မင်္ဂလာပါ" ယဉ်ကျေးမှုပွဲတော် အထိမ်းအမှတ်အဖြစ် Graffiti Artist အနုပညာရှင် ကိုးဦးက ပါဝင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။