Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား အယ်ဒီတာ ဖမ်းဆီးခံရ
မြန်မာအခြေစိုက် Frontier Myanmar သတင်းဌာနရဲ့သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ Mr. Danny Fenster မေလ ၂၄ ရက် ဒီကနေ့မှာ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံသား Mr. Danny Fenster ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာခါနီး စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ကြောင်း Frontier Myanmar သတင်းဌာနက အတည်ပြုတယ်လို့လည်း ဆိုပါတယ်။
Mr. Danny Fenster ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို မထွက်ခွာခင်အချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးရတဲ့ အကြောင်းရင်းကိုတော့ မသိရကြောင်းနဲ့ သူ့ကို အင်းစိန်ထောင်မှာ ပြောင်းရွှေ့ဖမ်းဆီးထားကြောင်း Frontier Myanmar ရဲ့ Twitter လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
Frontier Myanmar သတင်းဌာနရဲ့အယ်ဒီတာ အဖမ်းခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သိရှိထားပြီး ပြည်ပရောက် အမေရိကန်နိုင်ငံသားတွေကို အကူအညီပေးဖို့ တာဝန်ကို အလေးအနက်ထားတဲ့အကြောင်း၊ အယ်ဒီတာ Danny Fenster အဖမ်းခံရတဲ့ ကိစ္စကို စောင့်ကြည့်လေ့လာနေတယ်လို့ RFA ရဲ့ မေးမြန်းချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်ကတဆင့် အကြောင်းပြန်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမား အယောက် ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၅ဝ ဦးထက်မနည်း ချုပ်နှောင်ခံထားရပြီး အများစုက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ (Yuki Kitazumi) ကိုတော့ ဂျပန်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ မေလ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။