ဂန့်ဂေါမြို့နယ် ကန့်သတ်ရွာခံ တစ်ရာကျော် ဖမ်းဆီးခံထားရ

2023.09.21
ဂန့်ဂေါမြို့နယ် ကန့်သတ်ရွာခံ တစ်ရာကျော် ဖမ်းဆီးခံထားရ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလက တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန့်သတ်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ပိတ်ဆို့ပြီး ဒေသခံတစ်ရာကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ကာကွယ်ရေးစစ်လက်နက်ပစ္စည်းထုတ်လုပ်ရာ ကပစ ၂၃ စက်ရုံပိုင်နက် အနီးမှာရှိတဲ့ ကန့်သတ်ကျေးရွာသားတွေကို စစ်တပ်က လက်နက်တွေထုတ်ပေးထားပြီး လုံခြုံရေးတာဝန်ချထားတယ်လို့ ဆိုပါတယ်။

ကန့်သတ်ရွာအနီးက စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာ ရွာသားတွေက ပြန်မတိုက်ဘဲ စစ်ကောင်စီထုတ်ပေးထားတဲ့ လက်နက်တွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ပေးလိုက်တဲ့အတွက် အခုဖမ်းဆီးစစ်ဆေးခံနေရတာလို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖမ်းတာကတော့ စကစက ဖမ်းတယ်။ တစ်ရွာလုံးကိုဖမ်းတယ်။ သူတို့စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်။ သူတို့လုံခြုံရေးစည်းပေါက်တယ်ဆိုပြီး ဖမ်းထားတာပေါ့။ တချို့ရွာသားတွေက အတွေ့အကြုံမရှိတော့ မပစ်ဘဲ ထွက်ပြေးတာရှိတယ်။ အဲဒီမှာ သူတို့သံသယဝင်တယ်ထင်ပါတယ်။ အဲဒါကြောင့် သူတို့ကို စစ်ဆေးနေတယ်လို့ သိရပါတယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ကန့်သတ်ကျေးရွာမှာ အိမ်ခြေ နှစ်ရာကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော်ရှိတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီကျေးရွာက ဒေသခံတချို့ထွက်ပြေးနေကြရသလို ကျန်တဲ့သူတွေကို ကျေးရွာအပြင်ထွက်ခွင့်မပေးဘဲ ရွာသားတချို့နဲ့ ပျူစောထီးတပ်ဖွဲ့ ဖွဲ့စည်းပေးထားတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။