နိုင်ငံရေးအကျဉ်းသား အမြန်ဆုံး လွှတ်ပေးဖို့ GW တိုက်တွန်း

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် မတရားတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အနစ်နာခံ နိုင်ငံရေး အကျဉ်း သားတွေကို အမြန်ဆုံး ပြန်လွတ်ပေးသင့်ပါပြီလို့ Generation Wave ခေါ်မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ဒီကနေ့ ပြောလိုက်ပါတယ်။

0:00 / 0:00

ဒီကနေ့ ကျရောက်တဲ့ Generation Wave မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ထူထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သီရိမင်္ဂလာ ရန်အောင်ကျောင်းတိုက်မှာ ဒီကနေ့ မနက်က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ Generation Wave အဖွဲ့အနေနဲ့ အများ ထင်မြင်နေကြတဲ့ မြေအောက် အဖွဲ့အစည်း အဖြစ်ကနေ ပေါ်ပေါ်ထင်ထင်နဲ့ အားလုံး ပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အဖွဲ့အစည်း တခုအဖြစ် ပြောင်းလဲလိုတဲ့အကြောင်း GW အဖွဲ့ဝင် ကိုဇေယျာသော်က ပြောဆိုပါတယ်။

"အရင်တုန်းကတော့ ကိုယ်နဲ့ အမြင်သဘောထား မတူတဲ့အရာတွေကို ရှင်သန်ရပ်တည်ခွင့် မပေးခဲ့ဘူး။ အခုလက်ရှိ အခြေအနေမှာတော့ တည်ဆဲအစိုးရအနေနဲ့ Democratic Government လို့ ပြောဆိုထားတဲ့အတွက် မတူတဲ့ အမြင်သဘောထားတွေကို ရပ်တည်ပိုင်ခွင့် ပေးမယ်လို့ ထင်မြင်ယူဆတဲ့အတွက် ကျနော်တို့ Generation Wave အနေနဲ့ ပေါ်ပေါ်တင်တင် စပြီး ရပ်တည်ခဲ့တာပါ"

ဒီကနေ့ အခမ်းအနားကို NLD ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင် တက်ရောက်ချီးမြှင့်ခဲ့သလို နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတချို့က ပုဂ္ဂိုလ်တွေ၊ လူမှုအထောက်အကူပြု အဖွဲ့ဝင်တွေနဲ့ စာပေ၊ ဂီတ၊ အနုပညာရှင်တွေ အပါအဝင် ပရိသတ် ၃ ရာကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ Generation Wave အဖွဲ့ရဲ့ ၄ နှစ်တာကာလ ဖြတ်သန်းမှုတွေနဲ့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့တာဝန်ခံ တဦးဖြစ်သူ ကိုဇေယျာသော်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။