ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဖို့ Global Center for R2P အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်သူဖြစ်တာကြောင့် တကယ်လို့ မြန်မာနိုင်ငံကနေ သူထွက်ခွာရင် နိုင်ငံတကာတရားစီရင်ခွင့်အရ သူ့ကို ဖမ်းဆီးသင့်တယ်လို့ Global Center for R2P အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Adams က သူ့ရဲ့ Twitter လူမှုကွန်ရက်မှာ မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။

ဧပြီလ၂၄ ရက်နေ့ကျရင် အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ကျင်းပဖို့ရှိတဲ့ အာစီယံထိပ်သီး ဆွေးနွေးပွဲ ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က စနေနေ့တုန်းက အတည်ပြုပြောဆိုတဲ့အကြောင်း Reuters သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အာစီယံဆွေးနွေးပွဲကို ဘယ်သူတက်မယ်ဆိုတာ ထုတ်မပြောသေးပါဘူး။ ASEAN အသင်းအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အစည်းအဝေးတက်ဖို့ ဖိတ်မယ့်အစား အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖိတ်သင့်တယ်လို့လည်း Global Center for R2P အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးက ဆိုပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ အဖွဲ့ ဖြစ်ပြီး ကုလသမဂ္ဂက လက်ခံထားတဲ့ အကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ R2P လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။