စစ်တပ်က အာဏာသိမ်းပြီးနောက် ရွှေတစ်ကျပ်သား ကျပ် ၂၂ သိန်းအထိ မြင့်တက်ခဲ့ဖူးတဲ့ ပြည်တွင်း ရွှေဈေးဟာ မတ်လ ၈ ရက် ဒီနေ့မှာ တစ်ကျပ်သား ကျပ် သိန်း ၂၀ ကျော်အထိ ပြန်ရောက်လာတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ စာရင်းတွေအရ တွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သား ကျပ် သိန်း ၂၀ ကို ပထမဆုံး အကြိမ် ရောက်ရှိခဲ့ပြီးတဲ့နောက်ပိုင်း ခြောက်လကြာပြီးချိန်မှာ ရွှေတစ်ကျပ်သား သိန်း ၂၀ ဆိုတဲ့ ပေါက်ဈေး ပြန်ဖြစ်လာခဲ့တာပါ။
ဒီနေ့ မနက်ပိုင်းက ပြည်တွင်း ရွှေဈေးကွက်မှာ တစ်ကျပ်သားကို ကျပ်သိန်း ၂၀ နဲ့ ဈေးဖွင့် ခဲ့တာကို တွေ့ရပြီး နေ့လယ်ပိုင်းမှာတော့ ကျပ် သိန်းနှစ်ဆယ်နဲ့ တစ်သောင်းခြောက်ထောင် အထိ မြင့်တက်လာခဲ့ပါတယ်။
ခုလို ရွှေစျေး ထိုးတက်လာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက ဦးကျော်ဝင်း၊ ဦးအုန်းမြိုင်၊ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်းက ဦးသိန်းဆောင်တို့ဆီ RFA က ဒီနေ့ ညနေပိုင်းအထိ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းမကိုင်တာ၊ စက်ပိတ် ထားတာတွေကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကတော့ ပြည်တွင်းမှာ ရွှေဈေး ဆယ့်ကိုးသိန်း နှစ်သောင်း ရှစ်ထောင် ရှိရာကနေ အခု မတ်လ ၈ ရက်မှာ ရှစ်သောင်းရှစ်ထောင်ကျပ် မြင့်တက် လာတာလို့ ဆိုရမှာပါ။
ကမ္ဘာ့ရွှေဈေးဟာလည်း ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၀၉ ဒေါ်လာ ဈေးပေါက်ရာကနေ မတ်လ ၈ ရက် ဒီနေ့မှာတော့ ၂၀၁၈ ဒေါ်လာအထိ ဒေါ်လာ တစ်ရာကျော် မြင့်တက်လာတာ တွေ့ရပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျုးကျော်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီလကုန် နောက်ပိုင်းက စလို့ ကမ္ဘာ့ရေနံဈေးတွေ မြင့်တက်လာခဲ့သလို အခုဆိုရင်လည်း ကမ္ဘာ့ရွှေဈေးတွေပါ သိသိသာသာ လိုက်ပါမြင့်တက်လာနေတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ရွှေနဲ့ အမေရိကန် ဒေါ်လာတွေကို ဝယ်ယူစုဆောင်းခဲ့သူတွေ ရှိခဲ့တာကြောင့် ရွှေဈေးဟာ ကျပ် ၂၂ သိန်းကျော်၊ ဒေါ်လာဈေးဟာလည်း တစ်ဒေါ်လာ ၂၇၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။