လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အစိုးရဝန်ထမ်းတစ်ဦး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံရ
2017.02.15
ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားလို့ဆိုပြီး စားသုံး သူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကို ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ကျိုင်းတုံမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
ရဲစခန်းရဲ့ အကြောင်းကြားစာအရ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက တရားလိုလုပ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အမှုဖွင့်ထားတာဖြစ်တယ်လို့ အမှုဖွင့်ခံရသူ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင် က ပြောပါတယ်။
"ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ဖွင့်တယ်လို့ စာထဲမှာ ဖတ်ရပါတယ်။ ကျိုင်းတုံ မြို့မ ရဲစခန်းမှာလို့ သိရပါတယ်။ စာထဲမှာကတော့ သူတို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့၊ ခရိုင်အုပ်ချုပ်ရေမှူးတို့ နောက် တပ်မတော် အပေါ်မှာဆိုတဲ့ စာသားတွေတော့ ပါတယ်။"
၂၀၁၆ ခုနှစ်က ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ကုန်သွယ်မှုတိုးတက်ရေးနဲ့ အခွန်ကောက်ခံရေးအဖွဲ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖျက်သိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ခဲ့တဲ့အတွက် အခုလို အမှုဖွင့်ခံရတာဖြစ်နိုင်တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။ တရားဝင်ကုန်သွယ် မှုတွေ ပြုလုပ်လာစေဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုမရှိလို့ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် တာဝန်ရှိသူတွေသိစေဖို့ လူမှုကွန်ရက်မှာ ရေးသားတာဖြစ်တယ်လို့ ဦးမင်းအောင် က ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အကြောင်းကြားစာပေးပို့ထားတာရှိပေမယ့် ရဲစခန်းကို လာရောက်ဖို့ ဆင့်ခေါ်တာမျိုး မရှိသလို ရဲတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးတာမျိုးလည်း မရှိသေးဘူးလို့ ပြောပါတယ်။