ဖားကန့်မြို့နယ်မှ စက်ယန္တရား အစီး ၁၀၀၀ စစ်ဆေးမှတ်ပုံတင်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို ပြည် ထောင်စုအစိုးရအဖွဲ့ အထူးကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ဒီကနေ့ ဒုတိယနေ့အဖြစ်စစ်ဆေးနေရာမှာ လက်ရှိအချိန်အထိ အစီးရေ တစ်ထောင်ကျော်လောက်ကို မှတ်ပုံတင်နိုင်ခဲ့ပါတယ်။

ကုမ္ပဏီလုပ်ကွက်တွေထဲမှာ စစ်ဆေးနေတဲ့ ကွင်းဆင်းစုံစမ်းရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ဖားကန့်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးတင့်စိုးက ဒီကနေ့ စစ်ဆေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

"ကုမ္ပဏီထဲမှာ ရပ်နားထားတာကိုတွေ့ရတယ်၊ မြေစာပုံမှာတော့ ထားထားတာ မတွေ့ရဘူး၊ မြေသယ်ယာဉ်ကအစ အားလုံးထိုးရပ်ထားတာတွေ့ရတယ်၊ ယာဉ်အကြီးအသေးကအစ တစုတဝေးတည်းရပ်နားထားတာကိုတွေ့ရတယ်၊ အားလုံးလူကြီးတွေ အကုန်လုံးလိုက်စစ်သွားတယ်၊ သက်ဆိုင်ရာ ယာဉ်ယန္တရားတွေကို ကုမ္ပဏီလိုက်နံပါတ်တွေကို ရေးထားတာတွေ့ရတယ်၊ လုံးခင်းအုပ်စုမှာတော့ အသေးစိတ်တော့မသိရသေးပါဘူး၊ နောက်တော့သိရမယ် လို့တော့ပြောပါတယ်"

လုံးခင်းကျေးရွာအုပ်စုထဲက ကထန်မှော်၊ ကုဋေမှော် ပတ်ဝန်းကျင်တစ်ဝိုက်က ဖိုးသာထူး၊ ရှယ်ဖယ်မလီ စတဲ့ ကုမ္ပဏီတွေထဲက စက်ယန္တရားတွေကို ဒီနေ့ စစ်ဆေးနေတာဖြစ်ပါတယ်။

လုံးခင်းပတ်ဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ မှော်လုပ်ကွက်တွေထဲက ကုမ္ပဏီ တစ်ခုချင်းစီကို ဇန်နဝါရီလ ၁၆ ရက်နေ့ ကနေ ၁၈ ရက်နေ့အထိ သုံး ရက်ကြာစစ်ဆေး ပြီးရင် ဆိပ်မူ၊ နမ့်မှော်၊ ဝှေခါ စတဲ့မှော်တွေ ဘက် မှာလည်း ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

ဒီကနေ့ စစ်ဆေးနေတဲ့ အခြေအနေတွေကို အသေးစိတ်သိရှိနိုင်ဖို့ စစ်ဆေးရေးအဖွဲ့နဲ့အတူ လိုက်ပါနေတဲ့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးကို RFA က ဆက်သွယ် ခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် မေးမြန်းလို့မရခဲ့ပါဘူး။

စစ်ဆေးရေးအဖွဲ့ထဲမှာ စီးပွားကူးသန်းဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန၊ အကောက်ခွန်စတဲ့ ဋ္ဌာနတွေက အဆင့်မြင့်အရာရှိ အယောက် ၂၀ ကျော်တို့ ပါဝင်ကြပါတယ်။

ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့စာရင်းတွေအရ အခုနှစ်ရာသီအတွက် တင်သွင်းခွင့်ပြုထားတဲ့ ယာဉ်စက်ယန္တရားအရေအတွက်ဟာ ၁၀၉၉ စီးရှိပြီး လက်ရှိမှာ ဖားကန့်မြို့နယ်အတွင်း အစီးရေ ခုနှစ်ရာ ကျော် ရောက်ရှိပြီး ဖြစ်ပါတယ်။

အဲဒီဖားကန့်မြို့နယ် စက်ယန္တရားတွေ ဟာ Jadeland မြန်မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်း တော်ဝင်၊ ဧရာ ရတနာ စတဲ့ ကုမ္ပဏီ ၁၃ ခုတို့ရဲ့ တူးဖော်ရေး ယန္တရားတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆေးရေးအဖွဲ့က လိုက်လံပြီးစစ်ဆေးနေချိန်မှာ ကုမ္ပဏီတချို့က သူတို့ရဲ့ စက်ယန္တရားတွေကို နေရာရွေ့ပြောင်းနေတာတွေရှိသလို နီးစပ်ရာ တောတောင်တွေ ကြားမှာ ဖွက်နေတာမျိုးတွေလဲ ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။