တိုက်ပွဲဖြစ်နေတဲ့ ဂွမြို့နယ်ကို ဆန်သယ်ခွင့် စစ်ကောင်စီ ကန့်သတ်

RFA Burmese
2024.09.06
တိုက်ပွဲဖြစ်နေတဲ့ ဂွမြို့နယ်ကို ဆန်သယ်ခွင့် စစ်ကောင်စီ ကန့်သတ် ဧရာ၀တီတိုင်းဘက် တိမ်းရှောင်မည့် သဗြုဂျိုင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ဂွမြို့တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

တိုက်ပွဲ ပြင်းထန်နေတဲ့ ဂွမြို့နယ်ထဲကို ဧရာဝတီတိုင်းဘက်ကနေ ဆန်နဲ့ စားနပ်ရိက္ခာသယ်ယူခွင့် စစ်ကောင်စီတပ်က စက်တင်ဘာလ ပထမပတ်ကစပြီး ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီး စမ်းသပ်ဖို့အတွက် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ် ဂွမြို့ကအဝင်အထွက်လမ်းတွေကိုလည်း ဩဂုတ်လ ၂၇ ရက်ကစပြီး ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းကနေ ဂွမြို့နယ်ကို ဆန်နဲ့ ရိက္ခာသယ်ယူခွင့်ပါ ကန့်သတ်လိုက်တာကြောင့် စားနပ်ရိက္ခာ အခက်ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့က စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ဆန်နဲ့ စားနပ်ရိက္ခာတွေ ဧရာဝတီကနေ ကျွန်တော်တို့ဂွမြို့နယ်ကို ပို့လို့မရဘူး။ မနေ့ကတော့ နည်းနည်းလောက်ပဲ တစ်ယောက်ကိုမှ ငါးပြည်အပိုင်းလေးတွေပဲ သယ်လို့ရတယ်ပြောတယ်။ ကျွန်တော်တို့ အများသယ်တဲ့သူတွေ သယ်လို့မရဘူးလေ။ စားရေးသောက်ရေးကတော့ အဲဒီလို ဒီဘက်ကသွင်းလို့မရတော့ အခက်အခဲရှိတာပေါ့ဗျာ။ လောလောဆယ်တော့ အဲဒီလိုပဲ ရှိတဲ့ဆန်လေးကိုပဲ အရင်တုန်းကစားတာထက်တော့ ခုက နည်းနည်းလျှော့ စားရတာပေါ့”

ပြီးခဲ့တဲ့ လတွေတုန်းက ဆန်နဲ့စားနပ်ရိက္ခာကို ငသိုင်းချောင်းမြို့ဘက်ကနေ ဆိုင်ကယ်တွေနဲ့ တစ်ပိုင်တစ်နိုင် ဂွမြို့နယ်ထဲ သယ်ခဲ့ရခွင့်ရကြတယ်လို့ ဆိုပါတယ်။

ဒီလထဲမှာပဲ ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ဘက်သွားတဲ့လမ်းတွေမှာ လက်နက်ကြီးတွေ စမ်းသပ်နေတာ ကြောင့် ဆက်သွယ်ရေးလမ်း အဝင်အထွက်ဂိတ်တွေကို ပိတ်ထားပြီး သွားလာမှုပါကန့်သတ်ထားတာလို့ ငသိုင်းချောင်းမြို့ခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ကျိန္တလီမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒီတိုက်ပွဲကြောင့် လူဦးရေ လေးသောင်းကျော် (၄၂,၄၃၄) ရှိတဲ့ ဂွမြို့နယ်က ဒေသခံပြည်သူ နှစ်သောင်းခွဲခန့် ဧရာဝတီတိုင်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ပြီး နယ်မြေဆုံးရှုံးမှုတွေ ရှိလာတဲ့ စစ်ကောင်စီဟာ ဒေသတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်နေတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။