ဂွမြို့နယ် ကမ်းခြေမှာ ရိုဟင်ဂျာရှစ်ဦး အလောင်းတွေ့

ဂွမြို့နယ် တာလောင်ကြီးရွာ ကမ်းခြေတွင် တွေ့ရှိသည့် ရုပ်အလောင်းများကို ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြေမြုပ်ပေးနေစဉ်
ဂွမြို့နယ် တာလောင်ကြီးရွာ ကမ်းခြေတွင် တွေ့ရှိသည့် ရုပ်အလောင်းများကို ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့က မြေမြုပ်ပေးနေစဉ် (Photo: CJ)

ရခိုင်ပြည်နယ် ဂွမြို့နယ်က ပင်လယ်ကမ်းစပ်မှာ ပြီးခဲ့တဲ့ မေလ ၂၄ နဲ့ ၂၅ ရက်နေ့တွေက သေဆုံးနေတဲ့ မွတ်စလင် ရိုဟင်ဂျာရှစ်ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံမျက်မြင်တွေက RFA ကို ဒီနေ့ပြောပါတယ်။

ဂွမြို့နယ် တာလောင်းကြီးကျွေးရွာအနီးက ပင်လယ်ကမ်းခြေမှာ ရုပ်အလောင်းငါးလောင်း၊ တောင်ပေါက်၊ ချမ်းသာ၊ ကျောက်ဖျော် စတဲ့ ကျေးရွာတွေအနီးက ကမ်းခြေမှာ တစ်လောင်းစီနဲ့ စုစုပေါင်း အလောင်းရှစ်လောင်းကို ဒေသခံတွေ တွေ့ရှိခဲ့ကြတာပါ။

အဲဒီအထဲက ရုပ်အလောင်းတချို့ကိုတော့ ဂွမြို့နယ် ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ကျန်တဲ့ အလောင်းတွေကိုတော့ ဒေသခံတွေက သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ကူညီဆောင်ရွက် ပေးခဲ့တဲ့ မေတ္တာရောင်ခြယ် ပရဟိတအဖွဲ့ဝင် ဦးအောင်ကြည်ဦးက ပြောပါတယ်။

“ကမ်းခြေမှာ ဟိုတစ်နေ့ကလည်း အလောင်းတွေ တွေ့တယ်။ မနေ့ကလည်း တွေ့တယ်။ ဒေသခံတွေက ကျနော်တို့ကို အကူအညီလာတောင်းတော့ ကျနော်တို့လည်း သွားပြီး ကူညီခဲ့တယ်။ အလောင်းတချို့ကိုတော့ ဂွမြို့နယ်ဆေးရုံကို ပို့လိုက်တယ်။ ကျန်တဲ့ အလောင်းတွေကိုတော့ ရဲတွေကလည်း မှတ်တမ်းယူပြီးပြီဆိုတော့ အဲဒီရွာ သင်္ချိုင်းမှာပဲ သင်္ဂြိုဟ်ပေးလိုက်တယ်”

အဲဒီရုပ်အလောင်းတွေဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဘင်္ဂလားပင်လယ်အော်မှာ ကျရောက်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံ ကမ်းခြေမှာ လှေမှောက်ရာကနေ ရေနစ်သေဆုံးသွားတဲ့ သူတွေထဲက ဖြစ်နိုင်တယ် လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ပုသိမ်မြို့နယ်က ရွှေသောင်ယံကမ်းခြေမှာ မွတ်စလင် အလောင်း ၁၇ လောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ကြတာပါ။

သူတို့တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ ဧရာဝတီတိုင်းကို လှေနဲ့လာရင်း မေလ ၂၁ ရက်နေ့က မိုးသက်လေပြင်းကြောင့် စက်လှေတိမ်းမှောက်ပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။

ဒီ သေဆုံးမှုနဲ့ ပတ်သက်လို့ အံ့သြတုန်လှုပ်မိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Indrika Ratwatte က ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

သေနိုင်တဲ့ခရီးကြမ်းတွေကိုသွားကြရတဲ့ အကြောင်းရင်းဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်ကြောင်းနဲ့ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေသူတွေအားလုံးကို ကယ်ဆယ်ရေး၊ ကမ်းကပ်ခွင့်ပေးရေးကို ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေ အားလုံးက ပူးပေါင်းဆောင်ရွက် ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာကြောင့် မလေးရှားအပါအဝင် ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံတွေကို တရားမဝင် လမ်းကြောင်းကနေ သွားလာနေကြတာဖြစ်တယ်လို့ စစ်တွေမြို့နယ်က မွတ်စလင် ဒုက္ခသည်တွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီအထဲက အနည်းအကျဉ်းသာ သူတို့ဦးတည်တဲ့ နေရာကို ရောက်ရှိကြရပြီး အများစုကတော့ အခုလိုမျိုး လမ်းမှာ သေဆုံးသွားတာတွေ၊ ဖမ်းဆီးခံရတာတွေနဲ့ သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေကြရတယ်လို့လည်း ဆိုပါတယ်။