H1N1 ကူးစက်မှု ထူးကဲအဆင့် သတ်မှတ်ထား

ရာသီတုပ်ကွေးရောဂါ H1N1 ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလထက် ဖြစ်ပွားနှုန်း ၂ ဆကျော်ရှိတဲ့အတွက် ထူးကဲအဆင့် outbreak လို့ သတ်မှတ်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

လက်ရှိမှာ ရောဂါပိုးတွေ့ရှိထားသူတွေများနေသလို သေဆုံးသူတွေလည်းရှိနေတာကြာင့် ထူးကဲအဆင့် သတ်မှတ်ထားပေမဲ့ ကပ်ရောဂါလို့တော့ မသတ်မှတ်သေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

"လူအဖြစ်များလာတယ်၊ ကူးစက်မှုများလာတယ်၊ သေဆုံးမှုလေးတွေလည်း ရှိလာတယ်ပေါ့၊ အဲဒါကြောင့် Outbreak အနေနဲ့ သတ်မှတ်တာပေါ့၊ ကပ်အနေနဲ့ မသတ်မှတ်သေးပါဘူး။"

ဒီနေ့မွန်းလွဲပိုင်းအထိ စာရင်းအရ H1N1 ကြောင့် သေဆုံးသူ ၁ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်းသေဆုံးသူ ၁၇ ဦး ရှိသွားပြီ ဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ပြောပါတယ်။

H1N1 ရောဂါပိုးတွေ့ရှိသူဟာလည်း ၁၂ ဦးထပ်တိုးလာတာကြောင့် ၁၆၆ ဦး ရှိသွားပြီလည်း ဖြစ်ပါတယ်။

အဲဒီထဲကမှ ၇၆ ဦးက ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံက ပြန်ဆင်းသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

H1N1 ရောဂါပိုးတွေ့ရှိသူတွေနဲ့ သေဆုံးသူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတာကိုလည်း တွေ့ရ ပါတယ်။