မျိုးသားညီညွတ်ရေးအစိုးရ (NUG)က တော်လှန်ရေးစတင်ကြောင်း ကြေညာတဲ့ မနေ့က စက်တင်ဘာ ၇ ရက်နေ့မှာပဲ ချင်းပြည်နယ် ဟားခါးမြို့မှာ CDF အဖွဲ့က စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့နေရာတွေကို တိုက်ခိုက် ခဲ့ပါတယ်။
ဟားခါးမြို့အတွင်းမှာ စက်တင်ဘာလ ၇ ရက် မနေ့ည ၁၀ နာရီလောက်မှာ ဟားခါး CDF နဲ့ စစ်ကောင်စီ တပ်သားတွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ခြောက်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဟားခါးမြို့ ဒေသခံတွေကပြောကြပါတယ်။
စစ်ကောင်စီက ပစ်ခတ်မှုကြောင့် လက်နက်ကြီးစထိမှန်ပြီး ဒေသခံတစ်ဦး လက်မောင်းရင်းနားမှာဒဏ်ရာရပြီး မနေ့ညပိုင်းက သေနတ်သံ၊ ဗုံးပေါက်ကွဲသံ ၂၅ ချက်လောက် ကြားခဲ့ရတယ်လို့ ဒဏ်ရာရသူရဲ့ သားဖြစ်သူက RFA ကိုပြောပါတယ်။
“ဒဏ်ရာရတဲ့သူက ကျွန်တော့်အဖေပါ။ ကျွန်တော့်အဖေက သူ့လက်မောင်းမှာ ထိတယ်။ ပြီးတော့ ကျွန်တော်တို့အမေက ခါးမှာ နည်းနည်းတော့ရှတယ်။ ကြောက်လို့ဆိုပြီးတော့ အိမ်ထဲမှာ မနေရဲလို့ ဆိုပြီးတော့ အဖိုးတို့ အိမ်မှာနေပြီးတော့ သူတို့ အိမ်ခေါင်မိုးပေါ်ကို ထိတာ။ အိမ်ထဲအကာတွေလည်း ထိတယ်။ အိပ်ခန်းအထိတောင် ရောက်တယ်။ တော်တော် ကြောက်ဖို့ကောင်းတယ်။ ကြောက်စရာတော့ ကောင်းနေပြီ။ ဒီနေ့မနက် ၆ နာရီခွဲ ၇ နာရီလောက်မှာ ဆေးရုံသွားတယ်။ ဆေးရုံမှာသွားပြီး ကုသပြီးတော့ ခုနလေးပဲ ပြန်ထွက်သွားတယ်။ မာလာဘုရားကျောင်းဘက်မှာ စစ်တပ်တွေ တွေ့နေသလိုပဲ။ စီးပွားရေး ဘဏ်ရှေ့မှာလည်း အများကြီးပဲ”
ဟားခါးမြို့တွင်းက မြို့သစ်ဈေး၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ စုပေါင်းရုံးတွေမှာ ပစ်ခတ်မှုတွေရှိခဲ့ပြီး ပစ်ခတ်သံတွေကို အကျယ်ကြီးကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"အခု D Day ကြေညာလာပြီဆိုတော့ ပိုပြီးတော့ နေရာအနှံ့မှာ ပြန်လည်တိုက်ခိုက်ဖို့ စီစဉ်နေတယ်။"
မနေ့က တိုက်ခိုက်မှုမှာ CDF ဘက်က ထိခိုက်တာ မရှိဘူးလို့ ဟားခါး CDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ကျွန်တော်တို့ စက်တင်ဘာ ၆ ရက်နေ့မှာလည်း ပစ်ခတ်တယ်။ မနေ့ညမှာလည်း ဆက်ဖြစ်တယ်။ ၆ ရက်နေ့မှာ အကြမ်းဖက်တို့ဘက်က သူတို့ရဲ့ ယာဉ်မောင်းပေါ့လေ။ သူကတော့ သေတယ်။ နောက်သုံးယောက်လောက်ကတော့ အကြီးအကျယ် ဒဏ်ရာရမယ့်လို့တော့ ကျွန်တော်တို့ဘက်က ခန့်မှန်းရတာပေါ့။ မနေ့ကတော့ အထိခိုက်ကျဆုံး မရှိပါဘူး။ ဒါမဲ့ပြည်သူဘက်ကတော့ တစ်ယောက် ဒဏ်ရာရတယ်ပေါ့နော်။ အဲတာက ကျွန်တော်တို့ အပြန်လှန်ပစ်ခတ်မှုကြောင့် ဖြစ်တာ။ တိုက်ပွဲဖြစ်တဲ့ နေရာက ချင်းပြည်နယ် အစိုးရရုံးဆိုက်ရာ ရပ်ကွက်ပေါ့။ အကြမ်းဖက် စစ်ကောင်စီဘက်က အဲမှာ ကင်းလှည့်နေတာတွေ အမြဲတမ်းလုပ်တော့ ကျွန်တော်တို့ ပစ်ခတ်တာဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ ညပိုင်းကလည်း ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးရှေ့မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ချင်းပြည်နယ် ကန်ပလက်မြို့ ရဲစခန်းအနီးမှာလည်း စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်နဲ့ CDF အဖွဲ့တို့အကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးက အရေးပေါ်အခြေအနေ ကြေညာပြီး စစ်ကောင်စီကို တစ်နိုင်ငံလုံး ခုခံတိုက်ခိုက် ဖို့ တရားဝင်ကြေညာပြီးနောက်မှာ ချင်းပြည်နယ်မှာရှိတဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF တွေဟာ NUG ရဲ့ ကြေညာချက်ကို ကြိုထောက်ခံကြောင်းနဲ့ ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာ ၇ ရက်နေ့မှာပဲ အသီးသီးထုတ်ပြန်ထားကြပါတယ်။
NUG ရဲ့ တိုက်ပွဲခေါ်လိုက်တဲ့နောက်ပိုင်း တိုက်ခိုက်မှုတွေကို အရှိန်မြင့်လာဖို့ ရှိတယ်လို့လည်း ဟားခါး CDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ကျွန်တော်တို့ကတော့ D Day မတိုင်ခင်မှာတော့ D Day ပုံစံ အခွင့်အခါရတိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်တယ်။ အခု D Day ကြေညာလာပြီဆိုတော့ ပိုပြီးတော့ နေရာအနှံ့မှာ ပြန်လည်တိုက်ခိုက်ဖို့ စီစဉ် နေတယ်။ ပိုပြီးတော့ပြင်းထန်ဖို့ ရှိပါတယ်။အဓိက CDM မလုပ်တဲ့ဝန်ထမ်းတွေ အကြမ်းဖက် စစ်ကောင်စီ ဘက်က ဆက်လုပ်နေရတဲ့၊ လုပ်နေတဲ့ ပြည်သူ့ရဲတွေ စစ်တပ်တွေကိုလည်း ပြည်သူ့ဘက်ကို အမြန်ဆုံး ပူပေါင်းပေးပါလို့ ပြောချင်ပါတယ်”
ဟားခါးမြို့က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ချင်းပြည်နယ် တီးတိန်မြို့ မြို့မရဲစခန်းက နယ်ထိန်း ဒုရဲအုပ်တစ်ယောက်လည်း စက်တင်ဘာလ ၄ ရက်နေ့ က အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခံရပြီး စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းမှာ သေဆုံး ခဲ့တယ်လို့ တီးတိန်မြို့ဒေသခံတွေက ပြောပါတယ်။