ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်းကျုံးရွာနဲ့ ဒိုးထက်ရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးအဖွဲ့တို့ မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကားလမ်းမပေါ်မှာရှိတဲ့ ချွန်းကျုံး၊ ဒိုးထက်၊ ရမ်ထလို၊ တလန်ဇာန်၊ တားလ် စတဲ့ ကျေးရွာတွေက ဒေသခံ ၄၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ နီးစပ်ရာတောထဲမှာ ထွက်ပြေးနေကြရတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့က စစ်တပ်လာတာနဲ့ ထွက်ပြေးနေရတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်နေတော့ ကြောက်လို့ တောတောင်ထဲ ထွက်ပြေးနေရတယ်။ စစ်ကောင်စီတပ်သားတွေက ကျနော်တို့ ရွာထဲက ထွက်ပြေးတဲ့ နောက်ပိုင်း ရွာကို မီးရှို့ သွားတယ်။ ကျနော်တို့ တောထဲကနေ လှမ်းမြင်ရတယ်”
စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့မှုကြောင့် ရမ်ထလိုရွာမှာ မေလ ၄ ရက်နေ့က နေအိမ် ၁၀ လုံး၊ မေလ ၅ ရက်နေ့ မှာ တလန်ဇာန်ရွာက နေအိမ် ၁၆ လုံး၊ စုစုပေါင်း အိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ချင်းတောင်ပေါ်မှာ မိုးရွာသွန်းနေတာကြောင့် တောတောင်တွေထဲမှာ အမိုးအကာ မရှိဘဲ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြ ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မေလ ၃ ရက်နေ့က ဟားခါးမြို့ကနေ အကျဉ်းသား ၁၅ ဦးကို ကားနဲ့ တင်ဆောင်ပြီး ကလေးမြို့ဘက်ကို ဦးတည်လာရာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ CAN၊ CNF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၈ ဦးသေဆုံးပြီး ဒေသကာကွယ်ရေး အဖွဲ့တွေဘက်က ကိုးဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေဘက်က ပြောပါတယ်။
ဒီတိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အိမ်တွေမီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ သူတို့ စစ်ကြောင်းတွေက အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး အဲဒီလို ကျူးလွန်တာမရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၃၁၃ ရွာက ဒေသခံတစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြ ရပါတယ်။
အဲဒီအထဲက ခြောက်သောင်းကျော်ဟာ ပြည်တွင်းမှာ ထွက်ပြေးနေကြရတာဖြစ်ပြီး ကျန်လေးသောင်း နီးပါးကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။