ရခိုင်ပြည်နယ် သံတွဲမြို့မှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုမှာ ဆူပူအုံကြွအောင်လုပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲခံခဲ့ရတဲ့ ကိုဟန်မျိုးသူရိန်ဟာ မေလ ၂ဝ ရက်နေ့က ထောင်ဒဏ်တစ်နှစ်ချမှတ်ခံလိုက်ရတယ်လို့ မိသားစုဝင်က RFA ကိုပြောပါတယ်။
သံတွဲမြို့နယ်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅ဝ၅(ခ) နဲ့ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာပါ။
တရားလိုပြသက်သေတွေကလည်း ကိုဟန်မျိုးသူရိန်ဟာ ဆန္ဒပြပွဲမှာ ဆူပူအောင်ဦးဆောင်ခဲ့သူမဟုတ်ကြောင်း ထွက်ဆိုထားပေမယ့် အခုလိုထောင်ဒဏ်အမိန့်ချတာကို လက်မခံနိုင်ဘူးလို့ ကိုဟန်မျိုးသူရိန်ရဲ့ အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းက ပြောပါတယ်။
“ဒီနေ့မှာပဲ ကျမမောင်လေးကို ထောင်ဒဏ် ၁နှစ် ချလိုက်တယ်။ ကျမ ပြောချင်တာက တရားလိုပြသက်သေ ၃ ဦးကလည်း အဲဒီနေ့က ကိုဟန်မျိုးသူရိန်ဟာ ဆူပူအုံကြွဖို့ ဦးဆောင်သူမဟုတ်ကြောင်း၊ ဆူပူမအုံကြွဖို့ကို တာဝန်ရှိသူတွေနဲ့ ကူညီပေးပြီးတော့ဆွေးနွေးပေးခဲ့သူသာဖြစ်ကြောင်း ထွက်ဆိုတာတယ်။ အဲဒါကိုအခုလို ထောင်ချတာက မဖြစ်သင့်ဘူး။ သူတို့မှာ အထက်ကဖိအားတွေရှိတဲ့အတွက်ကြောင့် မချမဖြစ် ချလိုက်တဲ့ ပုံစံဖြစ်နေတယ်”
အခုလက်ရှိတော့ ကိုဟန်မျိုးသူရိန်ကို သံတွဲအကျဉ်းထောင်ကိုခေါ်ဆောင်သွားပြီး အယူခံဆက်တက် မတက်ကိုတော့ ရှေ့နေတွေနဲ့ မတိုင်ပင်ရသေးဘူးလို့လည်း ဆိုပါတယ်။
ကိုဟန်မျိုးသူရိန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူ့ကို လူစုလူဝေးဖြစ်အောင်၊ ဆူပူအုံကြွမှုဖြစ်အောင် ဦးဆောင်တယ်ဆိုပြီး သံတွဲမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်က အဲဒီအချိန်ကတည်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅ဝ၅(ခ) နဲ့ ကနဦး အမှုဖွင့်ထားတာပါ။
ကိုဟန်မျိုးသူရိန်ဟာ ဒေသတွင်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ လူ့အခွင့်အရေးသင်တန်းတွေအပါအဝင် လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။