လာမယ့် ဧပြီလ ၁ ရက်ကစပြီး ပြည်တွင်းခရီးသွားသူတွေ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ အစစ်ဆေးခံရမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက မတ်လ ၅ ရက် မနေ့ညက ကြေညာလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ဒီကြေညာချက်ဟာ လွတ်လပ်စွာ သွားလာခွင့်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရတာပဲလို့ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်က ပြောပါတယ်။
"အရင်တုန်းက ထောက်ခံစာနဲ့ သွားလို့ရတယ်လေ။ အခုတော့ မှတ်ပုံတင်ပါမှ သွားလို့ရတယ်ဆိုတော့ သူတို့ဆီ မှတ်ပုံတင် လာလုပ်အောင် လုပ်နေတာပဲ။ ကောင်းကောင်း လုပ်ပေးရင်တော့ ကောင်းတာပေါ့။ မှတ်ပုံတင် လုပ်ခိုင်းပြီး ပိုက်ဆံတောင်းရင်တော့ မလုပ်နိုင်ဘူးလေ"
ခရီးသွားထောက်ခံစာတွေနဲ့ သွားလာခွင့်မပြုတော့ဘဲ ဧပြီလ ၁ ရက်နေ့၊ မနက် ၆ နာရီ ကစပြီး ခရီးသွားလာတာ၊ တည်းခိုတာတွေမှာ နိုင်ငံသားမှတ်ပုံတင်ကတ် ပြသပြီး အစစ်ဆေးခံရမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
အသက် ၁၆ နှစ်နဲ့ အထက်ရှိသူတွေကို ကတ်တစ်မျိုးမျိုး ထုတ်ပေးဖို့ ပန်းခင်း စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ဆိုထားပြီး လိုအပ်ချက်အရ အခုလို စစ်ဆေးတဲ့ အစီအစဉ် လုပ်ဆောင်ရတာလို့ ကြေညာထားပါတယ်။
မှတ်ပုံတင်အတုနဲ့ မှတ်ပုံတင်ကတ် အပိုဆောင်တာတွေဟာလည်း ဥပဒေနဲ့မညီဘဲ ပြစ်မှုမြောက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက ဆိုထားပါတယ်။