လှည်းကူးမှာ တပ်ပိုင်မြေအဖြစ် မြေဧက ၂သောင်းမှာ ခြံစည်းရိုးခတ်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ တပ်မ ၁၁ က တပ်ပိုင်မြေအနေနဲ့ ရန်ကုန် - ပဲခူးအမြန်လမ်းမဘေးက မိုင်တိုင် ၁၃ ကနေ မိုင်တိုင် ၂၇ အထိ မြေဧက ၂သောင်းကို ဒီနေ့ ခြံစည်းရိုးတွေ ခတ်နေကြပါတယ်။

အဲ့ဒီမြေတွေပေါ်မှာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေဧက ၉ ထောင်လောက်ပါသွားတယ်လို့ ဒေသခံ ကိုမင်းသူက ပြောပါတယ်။

"ဧကအားလုံးသူတို့သိမ်းထားတာက ၂ သောင်းကျော်တယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေနဲ့ ဓားမဦးချလုပ်နေတဲ့သူတွေ လုပ်ကိုင်နေတာ ဧက ၉ထောင်ပေါ့နော်။ သူတို့ခြံစည်းရိုးခတ်တာက အထက်က ခတ်ခိုင်းလို့ အထက်က အမိန့်ကျလို့ဆိုပြီး ဝင်ခတ်တာပဲခင်ဗျ၊" လို့ ကိုမင်းသူ က ပြောတာဖြစ် ပါတယ်။

အဲ့ဒီနေရာဟာ တပ်မ ၁၁ ပိုင်ဆိုင်တဲ့မြေဖြစ်တဲ့အတွက် ခြံစည်းရိုးခတ်မယ်ဆိုတာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ကို စာရောက်ထားတယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးထွန်းလင်းခိုင် က ပြောပါတယ်။

"ကျွန်တော်တို့ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စာဝင်ထားတာရှိတယ်လေ။ သူတို့ မိုင်တိုင် ၂၃ မိုင် ၃ ဖာလုံနဲ့ မိုင်တိုင် ၂၇ မိုင် ၇ ဖာလုံ ၊ ရန်ကုန်နဲ့ပဲခူးလမ်းမဘေးမှာလေ သူတို့တပ် ပိုင်မြေခြံခတ်ဖို့ကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ၊ ကျေးရွာအုပ်စု ၂ စုပါတယ်လေ၊ မင်းကုန်းကျေးရွာအုပ်စု နဲ့ စာဘူးတောင်းကျေးရွာအုပ်စု ၂ ခု အုပ်ချုပ်ရေးမှုးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီပေးဖို့ စာဝင်ထား တာရှိတယ်" လို့ ဦးထွန်းလင်းခိုင် က ပြောပါတယ်။

ခြံစည်းရိုးခတ်တဲ့ နေရာတွေထဲ ပါသွားတဲ့ မြေနေရာတွေထဲက ဧက ၉ ထောင်ကျော်မှာ ၁၉၈၅ ခုနှစ်ကတည်းက ဒေသခံ ၅၀ ကျော်က နှစ်ရှည်သီးနှံတွေ စိုက်ပျိုးနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သီးနှံတွေ စိုက်ပျိုးခဲ့ပေမယ့် မြေယာပိုင်ဆိုင်မှု လျှောက်ထားခဲ့ခြင်းမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနေရာကို ခြံစည်းရိုးခတ်ဖို့ ပြီးခဲ့တဲ့ မတ်လက တစ်ကြိမ်လာရောက်ပေမယ့် ဒေသခံတွေက ကန့်ကွက်တဲ့ အတွက် ခြံစည်းရိုးခတ်မယ့် အစီအစဉ် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အခုခြံစည်းရိုးလာခတ်တဲ့အခါ တပ်မ ၁၁ က တပ်သားတွေအပြင် လူအင်အား ၄၀၀ လောက် ပါဝင်တယ်လို့ သိရပါတယ်။