ဟိုပင်မြို့ ဝက်ကုန်းတံတား မိုင်းခွဲခံရ၊ အရပ်သားတစ်ဦး သေဆုံး

2021.05.24
ဟိုပင်မြို့ ဝက်ကုန်းတံတား မိုင်းခွဲခံရ၊ အရပ်သားတစ်ဦး သေဆုံး မေ ၂၄ ရက်နေ့၊ ညက မိုင်းပေါက်ကွဲပြီး ပျက်စီးသွားတဲ့ ကချင်ပြည်နယ်၊ ဟိုပင်မြို့ပေါ်က၊ ဝက်ကုန်းတံတားကို တွေ့ရစဉ်
Photo: Citizen Journalist

ကချင်ပြည်နယ်၊ ဟိုပင်မြို့ပေါ်က၊ ဝက်ကုန်းတံတားဟာ မေလ (၂၄) ရက်၊ ည (၈) နာရီခွဲခန့်က မိုင်းပေါက်ကွဲ ခဲ့ပြီး ဆိုင်ကယ်နဲ့ ဖြတ်မောင်းလာသူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

"ည (၈) နာရီခွဲလောက်မှာ ကွဲခဲ့တာပါ။ အသံ တော်တော်ကျယ်တယ်။ တစ်မြို့လုံးကို တုန်ခါသွားတယ်။ လူတစ်ဦး လွင့်သွားတာ။ အလောင်း အတည်မပြုနိုင်သေးဘူး ပြောတယ်။"

မိုင်းကွဲခဲ့မှုကြောင့် တံတားအစွန်းတစ်ဘက် လုံးဝပြုတ်ကျသွားခဲ့ပြီး မြစ်ကြီးနား - မန္တလေး ယာဉ်ကြော ခဏ ပိတ်ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီတံတားဟာ မြစ်ကြီးနားနဲ့ မန္တလေးကို ကားလမ်းအရ အဓိက ဆက်သွယ်ထားတဲ့လမ်းလည်း ဖြစ်ပါတယ်။

တံတား မိုင်းကွဲခဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေရဲ့လက်ချက်လဲဆိုတာကို RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တံတား မိုင်းကွဲခဲ့ပြီးတဲ့နောက်မှာတော့ ည (၁၁) နာရီခွဲအထိ သေနတ်သံတွေ ဆက်တိုက်ကြားခဲ့ရပြီး တိုက်ပွဲ သဘောမျိုးလည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟိုပင်မြို့ဟာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် လက်အောက်က မြို့တစ်မြို့ဖြစ်ပြီး မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်းဖြစ်တဲ့ နေရာတော်တော်များများမှာ မိုင်းကွဲတာ၊ ဗုံးပေါက်ကွဲတာတွေ ခဏခဏဖြစ်ပြီး မီးရထားလမ်းဖြတ်ကူးတံတားတွေ၊ အဓိက လမ်းမကြီးတွေ ပေါ်က တံတားတွေ မကြာခဏဆိုသလို မိုင်းကွဲတာတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။