အရာတော်မှာ အိမ်အလုံး ၅ဝဝ ကျော်နဲ့ မျက်မမြင်တစ်ဦး မီးရှို့သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာကို မေလ ၂ ရက်နေ့က စစ်ကောင်စီ တပ်သားတွေ ရောက်လာပြီး၊ နေအိမ်အလုံး ၅ဝဝ ကျော်ကို မီးရှို့သွားသလို မျက်မမြင် အမျိုးသားတစ်ယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ တစ်ရွာလုံးက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ NLD အစိုးရ လက်ထက် အရာတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏကပြောပါတယ်။

“ဝါကျ ရွာဘက်နေရောက်လာတဲ့ စစ်သားတွေက လက်နက်ကြီးနဲ့ပစ်ပြီး မီးရှို့တာ၊ အဲ့ဒီရွာတွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ရွာတွေ၊ နေ့စဉ်ဆန္ဒပြနေတော့ စစ်ကောင်စီက သိသွားပြီးလုပ်တာ၊ မျက်မမြင်အမျိုးသားတယောက် မီးရှို့သတ်ခံရတယ်။ အသေးစိတ်ကတော့ စုံစမ်းနေဆဲပဲ၊ တရွာလုံးရှောင်နေကြတယ်"

279730898_295690729425276_3531256725086361425_n.jpg

သေဆုံးခဲ့တဲ့ မျက်မမြင် အမျိုးသားဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အရာတော် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်တဲ့ မီးလောင်ကျွမ်းနေတဲ့ပုံတွေထဲမှာတော့ မီးကျွမ်းနေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလည်း မြင်တွေ့ရပါတယ်။

မလဲသာရွာဟာ အိမ်ခြေ ၆ဝဝ နီးပါးရှိပြီး လူဦးရေ ၃ဝဝဝ ဝန်းကျင်ရှိတဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အရာတော်မြို့နယ်ဘက်ကို ဒီနှစ် မတ်လကစပြီး စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။ ဒီတကြိမ် မီးရှို့ခံရတာနဲ့ဆိုရင် စစ်တပ်က မီးရှို့သွားတာ လေးကြိမ်တိုင်တိုင်ရှိပြီလို့ အရာတော် ပြန်ကြားရေးဘက်က ထုတ်ပြန်ပါတယ်။

279626881_295690682758614_2560462777852401590_n.jpg

ဒီရွာမီးလောင်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြောဆိုချက်ကို သိရဖို့ RFA က ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က နေအိမ်တွေကို မီးရှို့ခဲ့တဲ့ ဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်း တင်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ယခုဧပြီလကုန်အထိ တနှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးမှာ နေအိမ်အလုံးပေါင်း ၁၁၄၁၇ မီးရှို့ခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် ၇၅၀၃ လုံးနဲ့ အများဆုံး မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။

279689232_295690359425313_2532553104361007861_n.jpg