ကန့်ဘလူနဲ့ ဇီးကုန်းက NLD အမတ်နဲ့ ပါတီဝင်တွေရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဇော်ဦး၊ ဇီးကုန်းမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်တို့ရဲ့ နေအိမ်တွေအပါအဝင် NLD ပါတီဝင်ခြောက်ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီက မေလ ၃ ရက်နေ့က ချိပ်ပိတ်လိုက်ပါတယ်။

" သူတို့က စည်းမရှိ၊ ကမ်းမရှိ မဲမဲမြင်မြင်ရာ လိုက်လုပ်နေတာ။ ဒီလိုလုပ်လိုက်တာနဲ့ ကျွန်တော်တို့ စိတ်ယိုင်သွားမလား။ အပြောင်းအလဲဖြစ်သွားမလားဆိုပြီးလုပ်နေတာ။ ကျွန်တော်တို့က တော်လှန်ရေး ပြီးအောင် ဆောင်ရွက်သွားမှာပါ။ အဆုံးအစွန်အထိတွက်ပြီးသားဖြစ်ပါတယ်"လို့ ကန့်ဘလူမြို့နယ်၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဇော်ဦးက ပြောပါတယ်။

ဦးမြင့်ဇော်ဦးနဲ့ ဦးဝင်းအောင်တို့ဟာ သူတို့ကိုယ်ပိုင်ပိုင်ဆိုင်မှုမဟုတ်ဘဲ သူတို့နေထိုင်ခဲ့တဲ့ မိဘတွေ ရဲ့နေအိမ်တွေကို စစ်ကောင်စီက ချိပ်ပိတ်လိုက်တာလို့ ဦးမြင့်ဇော်ဦးက ပြောပါတယ်။

နေအိမ်ချိပ်ပိတ်ခံလိုက်ရသူတွေက ကန့်ဘလူမြို့နယ်က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးလင်းမောင်၊ ဒေါက်တာရဲဝင်းနဲ့ တိုင်းလွှတ်တော်အမတ်ဦးမြင့်ဇော်ဦးတို့ နေအိမ်တွေဖြစ်ပြီး ဇီးကုန်းမြို့နယ်က အမျိုးသား လွှတ်တော်အမတ် ဦးဝင်းအောင်၊ ဦးခင်မောင်ဌေးနဲ့ ဦးကျော်လင်းတို့ရဲ့ နေအိမ်တွေဖြစ်ပါတယ်။

PDF တွေနဲ့ပတ်သက်လို့ နိုင်ငံပိုင်သိမ်းဆည်းမှာဖြစ်တယ်လို့ စစ်ကောင်စီက ချိပ်ပိတ်လိုက်တဲ့နေအိမ်တွေမှာ စာကပ်ထားပါတယ်။

signal-2022-05-04-094054_001.jpeg
Photo-Citizen Journalist

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကစပြီး အခု ၂၀၂၂ ခုနှစ်၊ ဧပြီလကုန်ထိ စစ်ကောင်စီက ချိပ်ပိတ်ခဲ့တဲ့ နေအိမ်နဲ့ အဆောက်အအုံအရေအတွက် (၅၇၀) ထက်မနည်းရှိနေပြီလို့ သိရပါတယ်။