ယင်းမာပင်မြို့နယ် တရော်ကျင်းရွာမှာ အိမ် ၂၅ လုံး မီးရှို့ခံရ

2022.05.14
Share on WhatsApp
Share on WhatsApp
ယင်းမာပင်မြို့နယ် တရော်ကျင်းရွာမှာ အိမ် ၂၅ လုံး မီးရှို့ခံရ ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာက နေအိမ်တစ်လုံးကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာကို စစ်ကောင်စီတပ်တွေ မေလ ၁၄ ရက် ဒီနေ့မနက်မှာ ဝင်ရောက်ပြီးနောက် အိမ်ခြေ ၂၅ လုံးခန့် မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၇ နာရီခန့်ကစလို့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်က ရွာထဲကို ဝင်ရောက်လာခဲ့ပြီး အိမ်တွေ မီးရှို့ခံရတာလို့ ယင်းမာပင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ကတုန်းက စစ်ကောင်စီတပ်နဲ့ ဒေသခုခံကာကွယ်ရေးတပ်တွေကြား ယင်းမာပင် မြို့နယ် တောင်ဘက် တရော်ကျင်းကျေးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ ဒီနေ့မှာ တရော်ကျင်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့အခါမှာ ဒေသခံကာကွယ်ရေးတပ်တွေ က နောက်ဆုတ်လိုက်ရတဲ့ အနေအထားမှာ ကျေးရွာထဲကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်သွားတာပေါ့"

လူနေအိမ် ၂၅ လုံး မီးရှို့ခံရတဲ့အပြင် လှည်း၊ နွားနဲ့ တိရိစ္ဆာန်တွေကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

တရော်ကျင်းရွာမှာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး အဲဒီရွာအပါအဝင် ချောင်းမ အရှေ့၊ ချောင်းမ အနောက်၊ သစ်ဝင်၊ သမင်ခြံ စတဲ့ ရွာတွေက ဒေသခံ တစ်သောင်းဝန်းကျင် ဟာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ တရော်ကျင်းကျေးရွာ မြောက်ဘက်၊ လယ်ရှည်နဲ့ ချောင်းမကျေးရွာအနီးမှာ ရောက်ရှိနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်ကစလို့ အဲဒီဒေသတစ်ဝိုက်မှာ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေပြီး မနေ့ကလည်း ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်တို့က ဒေသကာကွယ်ရေးတပ်တွေ ပေါင်းပြီး တရော်ကျင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောကြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုလို့မရသေးသလို စစ်ကောင်စီဘက်က လည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့