ဘားအံထောင်တွင်း ဆန္ဒပြသူ ၁၉ ဦး တိုက်ပိတ်ခံထားရ

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ထဲမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ဆန္ဒပြခဲ့တဲ့ လူငယ် ၁၉ ဦးဟာ တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြော ကြပါတယ်။

မေလ ၈ ရက်က အကျဉ်းသားတချို့ အဓမ္မထောင်ပြောင်းရွှေ့ခံခဲ့ရလို့ ထောင်တွင်း ဆန္ဒပြခဲ့တဲ့ လူငယ် ၁၉ ဦး တိုက်ပိတ်ခံရပြီး ညှဥ်းပန်းနှိပ်စက်ခံနေရတယ်လို့ အကျဉ်း ထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

"နာမည်တွေတော့ ထပ်တိုး ရတယ်ဗျ။ အဲဒီ ၁၉ ယောက်၊ တိုက်ပိတ်ခံထားရတဲ့ ကလေးတွေနာမည် ထပ်ပို့ လာတယ်။ အခု ၁၉ ယောက်ထဲက ကလေးတွေနာမည် စုံစမ်းတာ တချို့ဟာတွေက ရသင့်သလောက် ရတယ်၊ တချို့ဟာ မရဘူးပေါ့"

တိုက်ပိတ်ခံထားရသူတွေထဲမှာ ကိုနေလင်းထွန်း၊ မိုးမင်းထက်၊ လွင်မိုးထက်၊ ခန့်သီလွင် စတဲ့ လေးဦးရဲ့ နာမည်ကို သိရပြီး ကျန်တဲ့သူတွေရဲ့ နာမည်တွေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ဒီလို ထောင်တွင်းဆန္ဒပြတဲ့ဖြစ်ရပ်မျိုးနဲ့ တိုက်ပိတ်ခံရတဲ့ဖြစ်ရပ်မျိုး မရှိဘူးလို့ အကျဉ်းဦးစီးဌာန ကတော့ ငြင်းဆန်ထားပါတယ်။

"ကျနော်တို့လည်း ဘာမှ မသိရပါလားဗျ။ ဘယ်လိုကိစ္စနဲ့ တိုက်ပိတ်တာလဲဗျာ။ မဟုတ်ပါဘူးဗျ။ သူ့ဟာ သူ သူ့လုံခြုံရေးနဲ့ သူ့ဟာနဲ့သူ ပုံမှန်လုပ်ငန်းတွေပဲ လုပ်နေ ပါတယ်။ အဲဒါတွေ ကျနော်တို့ဆီမှာလည်း မတက်လာပါဘူးဗျ"

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာ ဘားအံအကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသား အမျိုးသား ၅၀ နဲ့ အမျိုးသမီး ၁၆ ဦးကို မြတ်ရတနာမင်း ခရီးသည်တင်ကားနှစ်စီးနဲ့ မွန်ပြည်နယ် ကျိုက်မရောထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ် သူတွေက ပြောပြပါတယ်။

အဲဒီကနေ ထောင်တွင်းမှာ စစ်ကောင်စီ ဆန့်ကျင်ရေးသီချင်းဆိုတာ၊ ဆန္ဒပြခဲ့ကြပြီး ပါဝင်ခဲ့တဲ့ လူငယ် ၁၉ ယောက်ကို တိုက်ပိတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင် ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဘားအံထောင်မှာပဲ ထောင်ဆူမှုဖြစ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။