ဘားအံထောင်က နိုင်/ကျဉ်းတွေ ထောင်ပြောင်းရွှေ့ခံရ၊ ထောင်တွင်း ဆူပူမှုဖြစ်

2022.05.08
ဘားအံထောင်က နိုင်/ကျဉ်းတွေ ထောင်ပြောင်းရွှေ့ခံရ၊ ထောင်တွင်း ဆူပူမှုဖြစ် ဘားအံအကျဉ်းထောင်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်‌နေ့က တွေ့ရစဉ်
Photo: RFA

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၆၀ ကျော်ကို မေလ ၈ ရက် ဒီနေ့မနက်မှာ စစ်သားတွေက ရိုက်နှက်ခေါ်သွားပြီးနောက် ထောင်တွင်း ဆူပူမှုဖြစ်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

သွေးသစ္စာသီချင်းဆိုပြီး သံပုံးတွေတီးနေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။

"မနက် ၆ နာရီလောက်မှာ စစ်သားတွေရောက်လာပြီး နိုင်ကျဉ်းတွေကို နာမည် တပ်ခေါ်တယ်၊ မလိုက်ရင် ရိုက်တယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေကိုလည်း ရိုက်တယ်။ အမျိုးသမီးတွေကို ဆဲဆိုတယ်။ ကျိုက်မရောထောင်ကို ခေါ်သွားတယ်လို့ အကြမ်းဖျင်းသိရပေမယ့် သတင်းအတိအကျမသိရတော့ နိုင်/ကျဉ်း မိသားစုဝင်တွေ စိတ်ပူနေကြတယ်"

အမျိုးသား ၅၀ နဲ့ အမျိုးသမီး ၁၆ ယောက်ကို မြတ်ရတနာမင်း ခရီးသည်တင်ကား နှစ်စီးနဲ့ ခေါ်သွားတာလို့ ဆိုပါတယ်။

ကားပေါ်ပါသွားတဲ့သူတွေကလည်း သွေးသစ္စာသီချင်းကို လမ်းတစ်လျှောက် သီဆို သွားကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူထံ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဒီနေ့ ၁၁ နာရီ ၄၅ မိနစ်အချိန်က ဆက်သွယ်ရာ ထောင်ဆူပူတယ်ဆိုတာ မဟုတ်ကြောင်း ဘားအံ ထောင်ကနေ သတင်းပေးပို့လာတာ ခုချိန်ထိမရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဘားအံအကျဉ်းထောင်မှာ ထောင်ဆူပူမှုဖြစ်ခဲ့သေးတယ်လို့ ဘားအံအကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။